သံတွဲမြို့နယ်တွင် တစ်ပတ်အတွင်း မွတ်ဆလင် ၅၃ ဦးဖမ်းဆီးခံရ

သံတွဲမြို့နယ်တွင် တစ်ပတ်အတွင်း မွတ်ဆလင် ၅၃ ဦးဖမ်းဆီးခံရ
သံတွဲမြို့နယ်၊ ဂေါ့တောင်ရိုးအတွင်း ဖမ်းဆီးရမိသော မွတ်ဆလင်များ အားတွေ့ရစဉ်။ (ဓာတ်ပုံ- ရခိုင်နေ့စဉ်)
သံတွဲမြို့နယ်၊ ဂေါ့တောင်ရိုးအတွင်း ဖမ်းဆီးရမိသော မွတ်ဆလင်များ အားတွေ့ရစဉ်။ (ဓာတ်ပုံ- ရခိုင်နေ့စဉ်)

ရန်ကုန်သို့ သွားရောက်ရန်ကြိုးပမ်းနေသည့် မောင်တောမြို့နယ်မှ မွတ်ဆလင် (၅၃) ဦးကို သံတွဲမြို့နယ်အတွင်းတွင် ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် သံတွဲမြို့နယ်၊ ဂေါ့ရပ်ကွက်အနီးရှိ တောကြောပေါ်တွင် ၂၈ ဦး ဖမ်းဆီးခံလိုက်ရသည်။ ယင်းနောက် သြဂုတ်လ ၂၃ ရက်နေ့တွင် ၁၄ ဦးနှင့် သြဂုတ်လ ၂၆ ရက်နေ့တွင် ၁၁ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု သံတွဲမြို့နယ်ရဲစခန်းမှ သိရသည်။  

“သူတို့ကို ရန်ကုန်မှာအလုပ်လုပ်ချင်ရင် ငွေကျပ် (၃၅) သိန်းပေးရမယ်ဆိုပြီး ပွဲစားတွေကခေါ်လာတာလို့ပြောတယ်။ အဲဒီလိုခေါ်လာတဲ့အချိန် သြဂုတ်လ ၁၆ ရက်နေ့မှာ လေ (မုန်တိုင်း) တိုက်လို့ သူတို့ကို ဂေါ့ကမ်းခြေအနီးက ဂေါ့တောင်ရိုးပေါ်မှာထားခဲ့တယ်လို့ပြောတယ်။ အဲဒီနောက် ပွဲစားတွေကပြန်သွားတယ်လို့ စစ်ဆေးမေးမြန်းတဲ့အခါ သူတို့တွေကပြောတယ်"ဟု သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

လက်ရှိဖမ်းဆီးခံရသည့် မွတ်ဆလင် (၅၃) ဦးထဲတွင် အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၄ ဦးပါဝင်ပြီး ၎င်းတို့မှာ မောင်တောမြို့နယ်မှဖြစ်ကြသည်။ ၎င်းတို့ကို ပွဲစားများက မောင်တောမြို့နယ်မှ စက်လှေဖြင့်တင်ဆောင်လာခြင်းဖြစ်ပြီး သံတွဲမြို့နယ်အနီးတွင် လေပြင်းမုန်တိုင်းကြောင့် စက်လှေဝမ်းဗိုက်ပေါက်သဖြင့် ကမ်းခြေသို့ဆိုက်ကပ်ခဲ့ရခြင်းဖြစ်သည်။ ထိုကြောင့် ၎င်းတို့မှာ တောအတွင်းပုန်းခိုနေကြစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါမွတ်ဆလင်များကို လက်ရှိတွင် သံတွဲမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လဝကအက်ဥပဒေပုဒ်မ- ၆ (၂) ၊ ၆ (၃) တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ကလည်း ဂွမြို့နယ် ရှားဖြူကွင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် မွတ်ဆလင်အမျိုးသမီးတစ်ဦးအလောင်းနှင့် သတိမေ့နေသည့် မွတ်ဆလင်အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေခဲ့ရာတွင် ဂွမြို့နယ်အတွင်းရှိ တောအတွင်းမှာ မွတ်ဆလင် ကျား (၉) ဦး၊ မ (၁၀) ဦး၊ ကလေးမ (၃) ဦး စုစုပေါင်းမွတ်ဆလင် (၂၂) ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။

အလုပ်အကိုင်ရှားပါးသော ရခိုင်ဒေသတွင် ရခိုင်များနှင့် မွတ်ဆလင်များသည် ရန်ကုန်၊ ကချင်နှင့် နိုင်ငံခြားသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်လိုကြသော်လည်း မွတ်ဆလင်များမှာ ရခိုင်ပြည်မှထွက်ခွာရန်ကြိုးပမ်းလျှင်ပင် ဖမ်းဆီးခံနေရခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် ပဋိပက္ခများဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်လာပြီး မွတ်ဆလင်များလည်း စစ်တွေ၊ မင်းပြား စသည့်မြို့နယ်များတွင် လွတ်လပ်စွာသွားလာမှု၊အလုပ်လုပ်ကိုင်မှုတို့လည်း ရှိလာသည်ကိုတွေ့ရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...