မြန်မာစစ်တပ်က ခေါ်ဆောင်သွားသည့် မောင်တောဒေသခံ ၇ ဦးခန့် အိမ်ပြန်မရောက်သေး

မြန်မာစစ်တပ်က ခေါ်ဆောင်သွားသည့် မောင်တောဒေသခံ ၇ ဦးခန့် အိမ်ပြန်မရောက်သေး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေသည့်ကာလတွင် ခမောင်းဆိပ်ကျေးရွာနှင့် မင်းခမောင်းကျေးရွာတို့မှ ဒေသခံ ၇ ဦးခန့်ကို မြန်မာစစ်တပ်ကခေါ်ဆောင်သွားခဲ့ရာ လက်ရှိအချိန်ထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။

အဆိုပါကျေးရွာများအနီးတွင် သြဂုတ် ၂၇ နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည ၈ နာရီခန့်တွင် ဒေသခံ ၁၀ ဦးခန့်ကို မြန်မာစစ်တပ်က ခေါ်‌ဆောင်သွားခြင်းဖြစ်ပြီး ၎င်းတို့ကို ရှေ့မှသွားခိုင်းခဲ့သည်။ ထိုသို့သွားရာလမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ၃ ဦးထွက်ပြေးလွတ်မြောက်သွားသဖြင့် မြန်မာစစ်တပ်လက်ထဲတွင် ဒေသခံ ၇ ဦး ရှိနေဆဲဖြစ်သည်။

ညနေ ၅ နာရီခန့်တွင် မြန်မာစစ်တပ်က ကျေးရွာသို့ရောက်ရှိလာကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကိုခေါ်ယူတွေ့ဆုံပြီး လူ ၁၀ ယောက်ခန့် လမ်းပြလိုချင်သည်ဟုဆိုကာ ခေါ်ယူသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့လိုက်သည့် မင်းခမောင်းဒေသခံတစ်ဦးက DMG ကိုပြောသည်။

“ရပ်မိရပ်ဖိတွေကိုခေါ်တယ်။ ရပ်မိရပ်ဖတွေလည်း ထွက်လာတော့ ဒီကလူ ၁၀ ယောက် ရှာပေးပြောတယ်။ လမ်းမှာ သူတို့လည်း အတွေ့ခံဖို့ထွက်လာတော့ သူတို့ဟာသူတို့ ခေါ်သွားတယ်။ ခမောင်းဆိပ်က ၃ ယောက်လည်း သူတို့ရွာမှာ တိုက်ပွဲဖြစ်တော့ ကြောက်ရင်း မင်းခမောင်းကိုလာခိုလှုံကြတယ်။ သူတို့က လမ်းဘေးက ဆွေမျိုးအိမ်မှာတည်းတယ်။ ရပ်မိရပ်ဖတွေကသွားပြီး ဗိုလ်မှူးရောက်နေတယ်။ အတွေ့ခံဖို့ထွက်ဆိုပြီး ခေါ်ယူသွားကြတာပဲ။ ခေါ်သွားတာ ပြန်လည်းမရောက်တော့ဘူး“ဟု သူကပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူများမှာ မြန်မာစစ်တပ်က ထပ်မံလာရှာမည်ကိုကြောက်လန့်၍ အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု မင်းခမောင်းဒေသခံတစ်ဦးက ပြောသည်။

“ရှေ့ဆုံးက ၃ ယောက်တော့ ထွက်ပြေးလို့လွတ်သွားတယ်။ နောက် ၇ ယောက်က မလွတ်သေးဘူး။ သတင်းမရကြသေးဘူး။ မနေ့က ခေါ်သွားတာတွေအားလုံးကို ကျွန်တော်တို့မြင်ခဲ့တယ်။ ရောက်လာတဲ့သူတွေက ပြောပြလို့သိရပြီးပြီ။ ကျန်လူတွေနဲ့ အဆက်အသွယ်မရကြသေးဘူး။ စိုးရိမ်နေကြတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ ရွာသို့ပြန်မရောက်ကြသေးသူများမှာ မင်းခမောင်းကျေးရွာမှ ဦးလှမောင်သာ (၅၆ နှစ်) ၊ ဦးမောင်ခင်လှ (၄၀ နှစ်) ၊ဦးနံသာအောင် (၆၅ နှစ်) ၊ ဦးသိန်းလှအောင် (၅၂ နှစ်) တို့ဖြစ်သည်။ ထို့ပြင် ခမောင်းဆိပ်ကျေးရွာမှ ဦးအောင်သာချေ (၅၀ နှစ်) ၊ကိုဖြိုး (၃၀ နှစ်) နှင့် ကိုမျိုးလေး (၃၂ နှစ်) တို့ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုသို့ မောင်တောဒေသခံများကို မြန်မာစစ်တပ်ကခေါ်ဆောင်သွားသည်ဟု ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်၍ စစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိသေးပေ။

လက်ရှိတွင် မင်းခမောင်းဒေသခံများမှာ စစ်ကြောင်းပြန်လာမည်ကိုစိုးရိမ်နေကြပြီး ဘုန်းကြီးကျောင်းတွင်ခိုလှုံနေကြရသည်။လမ်းပိတ်ထားသည့်အတွက် ထွက်ပြေးရန်လည်းမဖြစ်နိုင်ကြောင်း ဒေသခံများကဆိုကြသည်။ ယမန်နေ့ကလည်း ခမောင်းဆိပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရာနှင့်ချီသော ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...