မောင်တောမြောက်ပိုင်းတွင် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးကြီးတစ်ဦးသေဆုံး

မောင်တောမြောက်ပိုင်းတွင် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးကြီးတစ်ဦးသေဆုံး
ယခင်တိုက်ပွဲကာလက ကျေးရွာအတွင်းသို့ကျရောက်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်အားတွေ့ရစဉ်။
ယခင်တိုက်ပွဲကာလက ကျေးရွာအတွင်းသို့ကျရောက်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်အားတွေ့ရစဉ်။

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း၊ မင်းကြီးကျေးရွာအတွင်းကို ယနေ့ (သြဂုတ်လ ၂၇ ရက်) တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သေဆုံးသွားသူမှာ အသက် (၆၀) အရွယ် ဒေါ်မေသာစိန်ဖြစ်ပြီး ယနေ့နံနက် (၉) နာရီအချိန်ခန့်က နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သိန်းက DMG ကိုပြောသည်။

“နံနက် ၉ နာရီလောက်မှာ လက်နက်ကြီးကျလို့ သေဆုံးသွားတာဖြစ်ပါတယ်။ ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်သံလည်း မကြားမိဘူး။ လက်နက်ကြီးက ကြိမ်ချောင်းဘက်ကလာတာလို့ ကြားမိတယ်။ တခြားလူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ၎င်းကပြောသည်။

ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ၏ရုပ်အလောင်းကို ၎င်း၏အိမ်၌ထားရှိပြီး ကျေးရွာသားများမှာလည်း စိုးရိမ်ကြောက်လန့်၍ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ခိုလှုံနေကြရသည်ဟု ဦးအောင်ကျော်သိန်းကပြောသည်။

“သူ့ကို (သေဆုံးသွားသူ) လည်း ကျနော်တို့ကြည့်ဖို့မရသေးဘူး။အိမ်ထဲမှာ ထားထားရတယ်။ ရွာသားတွေအကုန်လုံး ကျောင်းထဲမှာရောက်နေကြတယ်။ တစ်ယောက်သေဆုံးသွားတဲ့အတွက် ကျနော်တို့ရွာသားတွေ ဘာမှကြည့်ဖို့မရနိုင်ဘဲ ထွက်ပြေးလာရတယ်။

နောက်အဲဒီလိုဖြစ်မှာကြောက်လို့ အခုကျောင်းမှာလာပြီး ခိုလှုံနေကြတာဖြစ်တယ်။ နောက်ထပ် လက်နက်ကြီးကျလာရင် တစ်ခုခုဖြစ်သွားမှာစိုးလို့ အခုကျောင်းမှာ ရွာသားတွေအားလုံးခိုလှုံနေကြတာဖြစ်တယ်”ဟု သူကဆိုသည်။

အဆိုပါမင်းကြီးကျေးရွာတွင် အိမ်ခြေ (၈၀) ကျော်၊ လူဦးရေ (၃၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

သြဂုတ်လ ၂၆ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာနှင့် မီတာ (၁၀၀) ခန့်ကွာဝေးသည့် နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ရာနှင့်ချီသောဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...