AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံလိုက်ရသည့် စစ်တွေ သိန်းတန်ရွာသား ပြန်လွတ်

AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံလိုက်ရသည့် စစ်တွေ သိန်းတန်ရွာသား ပြန်လွတ်

ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သံသယဖြင့် စစ်တပ်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သိန်းတန်ကျေးရွာမှ နှစ်ဘီးကယ်ရီမောင်းသမား ဦးမောင်ဆန်းဝင်းသည် ပြန်လည် လွတ်မြောက်လာပြီဟု မိသားစုဝင်တစ်ဦးက အတည်ပြုပြောသည်။

“ပြန်လွတ်လာပါပြီ။ ထိခိုက်ဒဏ်ရာတွေ ဘာတွေတော့ ပါမလာဘူး။ အားလုံး အေးအေးဆေးဆေးနဲ့ လွတ်လာတာပါ။ ဘာတွေ စစ်ဆေးခံခဲ့ရလဲတော့ ကျမတို့လည်း မသိဘူး”ဟု ပြောသည်။

အသက် ၅ဝ အရွယ် ဦးမောင်ဆန်းဝင်းသည် သြဂုတ်လ ၂၃ ရက် ည ၉ နာရီခန့်တွင် လွတ်မြောက်လာခြင်းဖြစ်သည်ဟုလည်း ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့သည့် သိန်းတန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က နိရဥ္စရာကိုပြောသည်။

“သူ့ကို ဖမ်းသွားတဲ့ဂိတ်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အေးဆေးပြန်လွတ်လာတာပါ။ ကျနော်သွားပြီး ခေါ်လာခဲ့တာ။ ဘာတွေကိုစစ်လဲတော့ ကျနော်လည်း မေးမကြည့်လိုက်ဘူး”ဟု ပြောသည်။

လွတ်မြောက်လာမှုနှင့်ပတ်သက်ပြီး ဦးမောင်ဆန်းဝင်းကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း သူသည် နေအိမ်တွင်မရှိဘဲ အပြင်သွားနေသည့်အတွက် အဆက်အသွယ်မရခဲ့ပါ။

သူသည် သြဂုတ်လ ၂၂ ရက် ညနေ ၅ နာရီကျော်တွင် စစ်တွေမြို့နယ် တောကန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် အရက်ပို့၍ပြန်လာစဉ် ရွာဝင်ဝရှိ စစ်တပ်စစ်ဆေးရေးဂိတ်၌ AA သံသယဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

သူ့တွင် အမျိုးသမီးအပါအဝင် ဆယ်တန်းကျောင်းသူ သမီး ၁ ဦးနှင့် သားငယ် ၁ ဦးရှိပြီး မိသားစုကို တစ်ဦးတည်းက ရှာဖွေလုပ်ကိုင်ကျွေးမွေးနေရသူဖြစ်သည်ဟု သိရသည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ စစ်ရေးတင်းမာလျက်ရှိပြီး စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...