မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တွင် ငွေစက္ကူအတု ပေါ်ပေါ်တင်တင်သုံးစွဲလာ

မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တွင် ငွေစက္ကူအတု ပေါ်ပေါ်တင်တင်သုံးစွဲလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ပူတာအိုမြို့တွေမှာ ငွေစက္ကူ အတုတွေကို ပေါ်ပေါ်တင် သုံးစွဲလာနေကြတယ်လို့ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့မှာတော့ ငွေစက္ကူအတုကို ငွေစက္ကူအစစ်တွေကြား ညှပ်ပြီး သုံးတာတွေ၊ ငွေလွှဲတဲ့နေရာတွေမှာအသုံးပြုလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ငွေစက္ကူအတုဟာ အစစ်နဲ့ နှိုင်းယှဉ်ရင် အရောင်အဆင်း၊ အသားကအစ သိသာနေပြီး မြစ်ကြီးနားမြို့မှာ အခုလိုပေါ်တင်အသုံးပြုလာတာဟာ ဥပဒေစိုးမိုးမှု အားနည်းလာတာတွေကြောင့် ဖြစ်တယ်လို့ ငွေစက္ကူအတု ရခဲ့ဖူးတဲ့မြစ်ကြီးဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ငွေအတုကတော့ ပြန့်နှံ့သွားတာပေါ့။ အတင့်ရဲလာတာပေါ့။ ဥပဒေစိုးမိုးမှု မရှိတဲ့အခါကျတော့ မလွယ်ဘူး။ကိုယ်တိုင်လည်း ကြုံဖူးတယ်။ ငွေအစစ်က ကိုင်တာနဲ့ကို သိတယ်။ ဟိုကောင်(ငွေအတု) က  အရောင်ကအစ ရေစိုလည်း သိပ်မခံမယ့် ပုံစံမျိုးပဲ။ ကိုင်လိုက်တာနဲ့ ပါးပါးချပ်ချပ်လေး သိသာတယ်။ တော်တော့်ကို သိသာတယ် ငွေအတုက။ ထိန်းချုပ်မှုတွေ လိုနေတယ်”ဒေသခံက ပြောပါတယ်။

ဒါအပြင် ဩဂုတ်လ (၂၄) ရက်နေ့ကလည်း ပူတာအိုမြို့ မူလာရှီးဒီးက ဈေး ဆိုင်တစ်ခုမှာ အသက် (၂၀) ကျော်အရွယ် လူငယ်တစ်ဦးက ငွေစက္ကူအတု (၃) သိန်းလောက် ကိုင်ဆောင်ပြီး ဈေးလာဝယ်ချိန် ဖမ်းမိခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပြီး အဲဒီ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာလည်း ပျံနှံ့ခဲ့ပါတယ်။

“သူ့ငယ်ချင်းဆီမှာရောပါတယ်။ ဒါပေမယ့်  လွတ်သွားတယ် ပြောတယ်။ သုံးခါလောက် လာဝယ်ပြီ ပြောတယ်။သုံးခါမြောက် လာဝယ်တဲ့အချိန် မိတာ။ ရှေ့မှာက သူ့သူငယ်ချင်းနဲ့ အတူတူ သွားလာနေကြနေမှာ” လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလူငယ်ဟာ ဧရာဝတီတိုင်းဘက်က ဖြစ်ပြီး ငွေစက္ကူအတု ကိုင်ဆောင်  အသုံးပြု တာကြောင့်  ရဲလက်ဆီ အပ်လိုက်ပြီလို့လည်း ဆိုပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ ငွေစက္ကူအတုကို နေရာတိုင်းလိုလို ပေါ်တင်အသုံးပြုလာနေတာကြောင့် သတိထား စစ်ဆေး လက်ခံသင့်တယ် လို့လည်း ပြောဆိုနေကြပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီလိုတရားမဝင် ငွေစက္ကူ ရောင်းဝယ် သုံးစွဲတာတွေဟာ အွန်လိုင်းမှာသာမကလူထုကြားမှာလည်း ပျံ့နှံ့လာတာကို တွေ့ရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...