ဖားကန့်မြို့တွင် KIA၊PDF ပူးပေါင်းပြီး မူးယစ်ဆေးဝါး နှိမ်နှင်းရေးလုပ်ငန်းများအား အရှိန်မြင့်လုပ်ဆောင်နေပြီး သုံးစွဲရောင်းဝယ်သူတွေကို အရေးယူဆောင်ရွက်သွားမည် ဟု KIO /KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော

ဖားကန့်မြို့တွင် KIA၊PDF ပူးပေါင်းပြီး မူးယစ်ဆေးဝါး နှိမ်နှင်းရေးလုပ်ငန်းများအား အရှိန်မြင့်လုပ်ဆောင်နေပြီး သုံးစွဲရောင်းဝယ်သူတွေကို အရေးယူဆောင်ရွက်သွားမည် ဟု KIO /KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်တွေ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လုပ်ငန်းတွေကို လက်ရှိအရှိန်မြင့် လုပ်ဆောင်လာ နေပါတယ်။

ဩဂုတ်လ (၂၁)ရက်နေ့ညက မော်မောင်းဘွမ်ဘက်က အိမ်တွေဆီ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို KIAကနေ လာရောက် ဖမ်းဆီးတာတွေ ရှိခဲ့ပြီးတော့ မြောက်ဖြူနဲ့ ဗ.လ.ခကျေးရွာကြားက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတဲ့ မိုးကာတဲအိမ်(၅)ခု ထက်မနည်းကို KIAနဲ့ PDFပူးပေါင်းတပ်ကနေ သွားရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူ(၁၀)ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

" မူးယစ်ဆေးဝါးသုံးတဲ့ စခန်းကို KIAနဲ့ PDFတွေ လာပြီး မီးရှို့ပေးလိုက်တယ်တဲ့။ လူလည်း ဖမ်းသွားတာ။ သုံးနေတဲ့ သူ(၁၀)ယောက်လောက် ပါသွားမယ်ထင်တယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အရှိန်နဲ့ လုပ်လာတာပေါ့။ ရောင်းဝယ်၊ သုံးစွဲတာတွေ မလုပ်ဖို့ သတိပေးထားတာ ကြာပြီ"လို့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလို တော်လှန်ရေးလုပ်တဲ့နေရာမှာ မူးယစ်ဆေးဝါးကိုပါ တော်လှန်ရမှာ ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ၁၉၄၆ ခုနှစ်ကတည်းက တားမြစ်ထားခဲ့တာဖြစ်တယ်လို့ KIO/KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"တခြားနေရာမှာလည်း ဆက်တိုက်လုပ်နေပါတယ်။ အခုလည်းလုပ်မှာ၊ နောင်လည်း လုပ်မှာပဲ။ ကျွန်တော်တို့ မကင်းစင်သ၍ကတော့ အဲဒီမူးယစ်ဆေးဝါးကတော့ ကျွန်တော်တို့ ကချင်လူမျိုးရဲ့ ဘုံရန်သူဖြစ်ပါတယ်။ အဓိက ရန်သူ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အဲဒါကိုရော တော်လှန်ဖို့ တာဝန်ရှိပါတယ်"လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေကို မူးယစ်ဆေးဖြတ်စခန်းဆီ ပို့ဆောင်မှာဖြစ်ပြီး စိုက်ပျိုး၊ ထုတ်လုပ်ရောင်းဝယ် ဖောက်ကား သူတွေကိုတော့ မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးသုံးစွဲသူတွေကို နှိမ်နင်းတဲ့အပိုင်းမှာ အရင်က ရဲတွေ လုပ်တဲ့ လမ်းစဉ်ထက် KIA,PDFတွေရဲ့ လက်ရှိ နှိမ်နင်းမှုဟာ ပိုမို အားသာနေပေမယ့် လမ်းဘေးက မူးယစ်ရောင်းဝယ် သုံးစွဲနေသူတွေသာမက အဆင့်မြင့်မြင့်နဲ့ ရောင်းချနေတဲ့ မူးယစ်ကုန်သည်တွေကိုပါ နှိမ်နင်းဖို့ လိုအပ်နေသေးတယ်လို့ နောက်ထပ် လုံးခင်း ဒေသခံပြည်သူ တစ်ဦးကလည်း သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

"ပြတ်ပြတ်သားသား လုပ်စေချင်တယ်။ ဒါမှ ကျွန်တော်တို့ လူငယ်တွေ အသက်ရှင်မှာ။ ရဲနဲ့ စစ်တပ်ကို အားကိုးလို့ မရတော့ဘူး။ လုံးခင်း၊ ဖားကန့်တွေမှာ တော်တော်လေး လှုပ်ရှားပါတယ်။ ရဲလုပ်တာထက် စာရင်တော့ PDFနဲ့ KIAနှိမ်နင်းတာ တော်တော် အားသာသွားပြီ။ ရွာဘေးတွေမှာ မရှိတော့ဘူး။ အဲဒါတော့ အားသာလာတယ် ဒါပေမယ့် ထိရောက်မှု အားနည်းနေသေးတယ်။”လို့ ဒေသခံက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့တင် မကဘဲ ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုတွေ ပိုမိုများပြားလာနေပြီး နောက်ဆက်တွဲ ခိုးဆိုးလုယက်မှုတွေပါ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...