သုံးဘီးဆရာ ရာအိမ်မှူးကို ခရီးသည်ယောင်ဆောင်ပြီး ပစ်သတ်

သုံးဘီးဆရာ ရာအိမ်မှူးကို ခရီးသည်ယောင်ဆောင်ပြီး ပစ်သတ်

ရာအိမ်မှူးလည်း ဖြစ်၊ သုံးဘီးမောင်း ဆရာလည်း ဖြစ်ပြီး စစ်ကောင်စီ သတင်းပေးဆိုသူ တစ်ဦးကို သူမောင်းနှင်လာသော သုံးဘီး ခရီးသည် နှစ်ဦးက လမ်းဘေးတွင် ရပ်ခိုင်းကာ ပစ်သတ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ဆိုသူ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲစက်မှုဇုံ၊ ကန်ကြီးနယ်မြေက ရာအိမ်မှူး ဦးသန်း ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြော သည်။ “ဒိုင်းဆို သေနတ်သံ တချက်ကြားရတယ်။ ပထမတော့ ကားဘီးပေါက်တယ် ထင်တာ။ ခဏကြာတော့ ကန်ကြီး ရာအိမ်မှူး အပစ်ခံရတာလို့ ကြားရတယ်၊ သုံးဘီးပေါ်မှာတင် သေသွားတယ်” ဟု လှေဒေါက်အတွင်း အလုပ်လုပ် ကိုင်နေသူ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

သေဆုံးသူ ဦးသန်းဦးသည် ခရီးသည်တင် သုံးဘီး မောင်းနှင်သူ တစ်ဦးဖြစ်ပြီး ခရီးသည် ၂ ဦးနှင့် အတူ စက်မှုဇုံ အတွင်းသို့ မောင်းနှင်လာစဉ် ဦးမင်းလွင်ရေခဲစက် အနီးအရောက်တွင် လိုက်ပါလာသူ ၂ ဦးက လမ်းဘေးတွင် ရပ်ခိုင်းကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ဦးသန်းဦးသည် စစ်ကောင်စီက ပြုလုပ်သည့် ပျူစောထီး သင်တန်း တက်ရောက်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်နှင့် ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ပြသူများ၏ နေအိမ်များကို လိုက်လံပြသ သတင်းပေးနေသူတစ်ဦး ဖြစ်သည်ဟု ကန်ကြီးရပ်ကွက်အတွင်း နေ ထိုင်သူများ က ပြောသည်။

ရာအိမ်မှူး ဦးသန်းဦး ပစ်သတ်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးကာ အရေးပေါ် လူနာတင်ယာဉ်ဖြင့် တင်ဆောင်သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့၊ နံနက်ပိုင်းကလည်း တပ်ပြင်ဈေးတွင် ဈေးရောင်းချရန် ဇနီးဖြစ်သူအား ကူညီပေး နေသည့် ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်ဆိုသူသည် သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံခဲ့ရပြီး ရှပ်ထိဒဏ်ရာများဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

မြိတ်မြို့တွင် ယခုသြဂုတ်လ အတွင်း စစ်ကောင်စီအား သတင်းပေးနေသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး အဖွဲ့ဝင်များ ဆက်တိုက် ပစ်ခတ်ခံနေကြရသည်။

သတင်း ~ ဒီပအလင်း

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...