ပျောက်ဆုံးနေသည့် လင်ယောက်ျားကို သွားရှာရာမှ မိုင်းနင်းမိ၍ ဇနီးဖြစ်သူသေဆုံး

ပျောက်ဆုံးနေသည့် လင်ယောက်ျားကို သွားရှာရာမှ မိုင်းနင်းမိ၍ ဇနီးဖြစ်သူသေဆုံး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိသည့် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ ပျောက်ဆုံးနေသည့် လင်ယောကျာ်းဖြစ်သူကို သွားရောက်ရှာဖွေစဉ် မိုင်းနင်းမိ၍ ဇနီးဖြစ်သူသေဆုံးသွားခဲ့သည်။

လင်ယောကျ်ားဖြစ်သူ ဦးခိုင်အေးသည် သြဂုတ်လ ၂၁ ရက်နေ့ကပင် ရွာအနီးတောတောင်သို့ မျှစ်သွားရှာရာမှ ပျောက်ဆုံးနေခြင်းဖြစ်သည်။ ၎င်းသည် အဘောင်သားကျေးရွာ မူလတန်း(လွန်)ကျောင်းတွင် တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာကြီးဖြစ်သည်။

ပျောက်ဆုံးနေသည့် လင်ယောကျ်ားကို ဇနီးဖြစ်သူ အသက်(၄၃)နှစ်အရွယ် ဒေါ်နန်လောင်ခမ်းက ယနေ့(သြဂုတ်လ ၂၄ ရက်) နံနက်ပိုင်းက သွား‌ရောက်ရှာဖွေစဉ် မိုင်းပေါက်ကွဲပြီးသေဆုံးသွားကြောင်း ဒေသခံ ဦးကိုအောင်ကပြောသည်။

အဆိုပါ အမျိုးသမီး၏အလောင်းကို နံနက် ၈ နာရီခန့်က ရွာနှင့်တစ်ဖာလုံခွဲခန့်ဝေးကွာသည့် ချောင်းတစ်ဖက်ကမ်းတွင် ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရွာရဲ့အပြင်ဘက် ချောင်းတစ်ဖက်ကမ်းမှာသေဆုံးသွားတာ။ သူ့ ယောကျာ်းဖြစ်သူက တနင်္ဂနွေနေ့ ညနေ ၃ နာရီလောက်က တောင်ယာကို မျှစ်ချိုးဖို့သွားတာ။ ခုထိလည်း အိမ်ပြန်မရောက်လာဘူးလေ။ သူဘာဖြစ်နေလည်းဆိုတာလည်း မသိဘူး။ ဇနီးသည်ကစိတ်ပူပြီး သွားရှာတာ။ ရွာကလူတွေလည်း တားလိုက်သေးတယ်။ သူ့ယောကျာ်းကိုစိတ်ပူပြီး သွားရှာရင်းမိုင်းထိပြီး ဆုံးသွားတာ”ဟု ဦးကိုအောင်ကဆိုသည်။

မိုင်းထိပြီးသေဆုံးသွားသည့် ဒေါ်နန်လောင်ခမ်းမှာ ခြေထောက် နှစ်ဖက်လုံးပြတ်သွားသည့်အပြင် ခန္ဓာကိုယ်နှင့် လက်များတွင်လည်း ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းထိ၍သေဆုံးသွားသည့် အမျိုးသမီး၏အလောင်းကို မိုင်းထိသည့်နေရာမှ သွားရောက်ယူဆောင်ခဲ့ပြီး ပျောက်ဆုံးနေသည့် အမျိုးသားကိုလည်း ရှာဖွေ၍မရသေးကြောင်း သူကဆက်ပြောသည်။

“သူ့အလောင်းကိုတော့ မိုင်းထိထားတဲ့နေရာကနေ ရွာသားတွေ က ချောင်းကူးပြီးတော့ ယူလာပြီးပြီ။ သူ့ယောကျာ်းနဲ့တော့ အခု ထိတော့ အဆက်အသွယ်လည်း အစအနမရဘူး။ အဲဒါကြောင့် သူ့မိန်းမက စိတ်ပူလွန်းလို့သွားရှာရင်း မိုင်းထိတာ။ ပြီးရင် တိုက်ပွဲ ကလည်း အဲဘက်မှာဖြစ်နေတာဆိုတော့ ရွာသားတွေကလည်း လိုက်မရှာရဲဘူးပေါ့”ဟု ဦးကိုအောင်ကပြောသည်။

ပျောက်ဆုံးနေသော လင်ယောကျ်ားကြောင့် ဝမ်းနည်းကြေကွဲနေသည့် ဒေါ်နန်လောင်ခမ်းနှင့် DMG က ယမန်နေ့တွင် အဆက်အသွယ်ရရှိခဲ့သေးသည်။ လင်ယောက်ျားဖြစ်သူ တောထဲတွင် တစ်စုံတစ်ရာဖြစ်ပွားနေမည်ကို စိုးရိမ်နေကြောင်း သူမကပြောပြခဲ့သည်။

“တောင်ယာမှာ ပိုးတွေထိလို့ အနာရနေတာများလား စိုးရိမ်တယ်။ ပြီးရင် တောထဲကအဖွဲ့တွေ(မြန်မာစစ်တပ်နဲ့ AA)နဲ့ တွေ့ လို့ခေါ်တာများလား စိုးရိမ်တယ်။ သူ့ကိုသွားရှာဖို့ကလည်း  ရွာအနီးမှာတိုက်ပွဲဖြစ်နေတော့ ရွာထဲက ရွာပြင်ထွက်လို့မရဘူး”ဟု ဒေါ်နန်လောင်ခမ်းက မသေဆုံးမီတစ်ရက်အလိုတွင် ပြောကြားခဲ့သည်။

မိုင်းနင်းမိ၍ သေဆုံးသွားသည့် ဒေါ်နန်လောင်ခမ်းနှင့် ပျောက်ဆုံးနေသည့် ဦးခိုင်အေးတို့တွင် အလယ်တန်းတက်ရောက်နေသည့် သားနှစ်ဦးနှင့် ခြောက်နှစ်အရွယ် သမီးတစ်ဦးတို့ရှိကြောင်းလည်း သိရသည်။

လက်ရှိ ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြပြီး ရသေ့တောင်မြို့နယ်တွင်လည်း စစ်ရေးတင်းမာလျက်ရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...