တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဆယ်ဇင်းကျေးရွာက ကျောင်းသူ/သား (၁၀၀၀) ခန့် ပညာသင်ကြားခွင့် ဆုံးရှုံး

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဆယ်ဇင်းကျေးရွာက ကျောင်းသူ/သား (၁၀၀၀) ခန့် ပညာသင်ကြားခွင့် ဆုံးရှုံး

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်ကနေ KIA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ကျောင်းသူ/ သား အယောက် (၁၀၀၀) ကျော်လောက် ဒီကနေ့ချိန်ထိ  စာသင်ကြားခွင့် မရတဲ့အပြင် စားဝတ်နေရေးနဲ့ အသက်ရှင်ရပ်တည်နိုင်ဖို့ကိုသာ ဦးစားပေးနေရတဲ့ အခြေအနေနဲ့ ကြုံတွေ့ နေရပါတယ်။

ဆယ်ဇင်းကျေးရွာဘက်က ကလေးတွေအနေနဲ့ ပညာသင်ကြားခွင့်မရတာဟာ ကိုဗစ်ကာလ ကတည်းကနဲ့ ဒီကနေ့ထိ (၃) နှစ်နီးပါးရှိနေပြီဖြစ်ပြီး စာပြန်လည်သင်ကြားဖို့ ကျေးရွာတွင်းက ရပ်မိရပ်ဖတွေကနေ အစီအစဉ် ပြုလုပ်ခဲ့ကြပေမယ့် လုံခြုံရေးအတွက် တာဝန်ယူပေးနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် ကျောင်းဖွင့်နိုင်ခဲ့တာ မရှိဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနာသတင်းဂျာနယ်ကို ပြောပါတယ်။

“ ကိုဗစ်ဖြစ်ကတည်းကကိုက ရောဂါအခြေအနေအရဆိုတော့ အားလုံးနားလိုက်ကြတယ်။ အာဏာသိမ်းပြီးတော့လည်း တက်ညီလက်ညီပါပဲ ကျောင်းတွေပိတ်လိုက်ကြတယ်။ ကျောင်းဖွင့်ဖို့ ကြိုးစားကြသေးတယ်။ ပြဿနာကလုံခြုံရေးပိုင်းမှာ သက်ဆိုင်သူလက်နက်ကိုင် အဖွဲ့အစည်း (၃) ဖွဲ့စလုံးက ဘယ်သူကမှ တာဝန်မယူပေးနိုင်ဘူးပေါ့နော်” လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဆယ်ဇင်းကျေးရွာမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီကနေ ကျေးရွာအတွင်းက  လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကို သတ်ဖြတ်ခဲ့တာကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိမှာ ကလေးတွေရဲ့ ပညာရေးကို ဦးစားမပေးနိုင်သေးဘူးလို့လည်း နောက်ထပ်  အမည်မဖော်လိုတဲ့ ဆယ်ဇင်းဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ကလေးတွေ အနာဂါတ်အတွက် တွေးတောင် မတွေးရဲဘူး။ ဆယ်ဇင်းကျေးရွာကိုတောင် ပြန်လည်ထူထောင်ရေး မနည်းလုပ်ရဦးမှာ။ စာပြန်သင်ကြားဖို့အတွက်ဆိုတာ ခန့်မှန်းရခက်တယ်။ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။”လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပုံမှန်ဆိုရင် KG ကနေ (၁၀) တန်းအထိ  တစ်နှစ်ကို ကျောင်းသား (၁၂၀၀) ကျော်လောက်တက်ရောက်သင်ကြား နေပြီးတော့ လက်ရှိထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေထဲမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းသူ/သားတွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံဟောင်း အသုံးပြုထားပါသည်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...