ရသေ့တောင်မြို့နယ်တွင် AA စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက ဖယ်ရှားခိုင်းရာမှ နှစ်ဖက်တင်းမာမှုများရှိနေဟုဆို

ရသေ့တောင်မြို့နယ်တွင် AA စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီက ဖယ်ရှားခိုင်းရာမှ နှစ်ဖက်တင်းမာမှုများရှိနေဟုဆို

ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးအုပ်စုအတွင်းရှိသော ရက္ခိုင့်တပ်တော်(AA)၏ စစ်ဆေးရေးဂိတ်စခန်းနေရာများကို ဖယ်ရှားပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်တပ်မှခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

ပြားချောင်းကြီးကျေးရွာတံတားနှင့် ပြင်ခေါင်(ရွာသစ်)၌ရှိသော ရက္ခိုင့်တပ်တော်၏ စစ်ဆေးရေးဂိတ်တို့ကို ဖြိုဖျက်ရန် သြဂုတ်လ ၁၉ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် ခေါ်ယူပြောကြားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

"ခေါ်တာက မြို့နယ်ထွေ/အုပ်ရုံးကခေါ်တာ။ ပြီးမှ စစ်ကောင်စီဖက်က ဗျူဟာမှူးဆိုတဲ့လူနဲ့တွေ့ရတယ်။ သူတို့ တိုင်းမှူးခရီးသွားတုန်းက အဲဒီကာဗာကျင်းတွေကိုမြင်ခဲ့တာတဲ့။ သူတို့လူကြီးတွေ သွားလာတဲ့လမ်းမှာ စိတ်ပူစရာဖြစ်တယ်ဆိုပြီး ကျနော်တို့အုပ်ချုပ်ရေးမှူးတွေကိုပြောတယ်။ ဆိုလိုတာက အေအေတွေဆီကို ကျနော်တို့ကို တဆင့်ခံပြောပေးခိုင်းတဲ့သဘောပေါ့"ဟု ပြောသည်။

စစ်ကောင်စီဖက်မှ ဂိတ်နေရာများအား ဖြိုဖျက်ခိုင်းသော်လည်း ရက္ခိုင့်တပ်တော်ဖက်မှ မဖျက်သိမ်းသည့်အတွက် နှစ်ဖက်တင်းမာမှုများရှိနေကြောင်းလည်း ၎င်းကဆက်ပြောသည်။

"ကျနော်တို့ကို ဖျက်ခိုင်းတော့လည်း ကျနော်တို့က မဖျက်ရဲဘူးလေ။ လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ ကျနော်တို့ ဘယ်လိုဝင်လို့ရမှာလဲ။ စစ်တပ်ကဖျက်ခိုင်းတယ်။ အေအေဖက်ကလည်း မဖျက်ဘူးဆိုတော့ အခြေအနေတင်းမာနေတာပေါ့။ ဘယ်လောက်ထိတင်းမာနေလဲ၊ ဘယ်လိုအခြေအနေရှိလဲဆိုတာကတော့ လက်နက်ကိုင်အချင်းချင်းပဲသိမယ်"ဟု အဆိုပါအုပ်ချုပ်ရေးမှူးကဆိုသည်။

လက်ရှိတွင် နှစ်ဖက်အခြေအနေတင်းမာနေမှုတို့ကြောင့် အဆိုပါပြားချောင်းကြီးအုပ်စုရှိ ပြားချောင်းကြီး၊ အလယ်ရွာချေနှင့် ပြင်ခေါင်ကျေးရွာတို့မှ ဒေသခံ ၁၅၀၀ ခန့်မှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး နီးစပ်ရာကျေးရွာများဖြစ်သည့် အဝဒါ၊ ပြိုင်းတောင်၊ လေးကန် စသည့်နေရာများကို ယာယီတိမ်းရှောင်သွားကြပြီဖြစ်ကြောင်းလည်း ဒေသခံများကပြောသည်။

"သက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေကတော့ ကျနော်တို့ရွာမှာနေကြတယ်။ တိုက်ပွဲဖြစ်ရင် ထွက်ပေါက်မရမှာစိုးလို့ အခုကတည်းက ပစ္စည်းတွေကြိုပြောင်းထားကြတယ်။ လူလတ်ပိုင်းတွေကတော့ အခြေအနေကြည့်ပြီး ကိုယ့်ရပ်ရွာကိုသွားအလုပ်လုပ်တယ်။ ညအိပ်ချိန်ဆိုရင် ရွာမှာမအိပ်ရဲလို့ ပြန်လာကြတယ်။ ဒီလိုပဲနေကြတယ်"ဟု အဝဒါကျေးရွာသား ကိုလှမောင်ယေက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများအား ယခုကဲ့သို့ ခေါ်ယူပြောဆိုခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းရန်အတွက် ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထက်လင်းအား DMG က ဖုန်းဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ခေါ်ယူပြောဆိုခြင်းမရှိကြောင်း ငြင်းဆိုသည်။

"ကျနော်တို့က လစဉ်ပုံမှန်ခေါ်နေကျ အစည်းအဝေးကလွဲလို့ ဘယ်ရပ်ရွာကအုပ်ချုပ်ရေးမှူးကိုမှ ခေါ်ယူခဲ့တာ၊ ပြောဆိုခဲ့တာမရှိပါဘူး"ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကိုလည်း ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီးတွင် သြဂုတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးများတင်းမာနေသောကြောင့် အနီးအနားကျေးရွာများဖြစ်သည့် ဒုံးပိုက်၊ ချိန်ခါလီ၊ အောင်သုခ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်၊ ဆင်ပိုက် စသည့်ကျေးရွာများမှ ဒေသခံအများအပြားမှာလည်း ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...