စက်သုံးဆီဈေးမြင့်တက်မှုကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ်လုပ်ငန်းများ အခက်အခဲဖြစ်နေ

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ်လုပ်ငန်းများ အခက်အခဲဖြစ်နေ
မြိတ်ဆိပ်ကမ်း၌ ရပ်နားထားသည့် မြိတ်-ကျွန်းစု အမြန်ရေယာဉ်တစ်စီးကိုတွေ့ရစဉ်။ ဓာတ်ပုံ-CJ
မြိတ်ဆိပ်ကမ်း၌ ရပ်နားထားသည့် မြိတ်-ကျွန်းစု အမြန်ရေယာဉ်တစ်စီးကိုတွေ့ရစဉ်။ ဓာတ်ပုံ-CJ

တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့ကို ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် ခရီးစဉ်ဆက်လက်ပြေးဆွဲရန် ခက်ခဲလာနေပြီး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း အမြန်ရေယာဉ်ပိုင်ရှင်များထံမှ သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ အမြန်ရေယာဉ်များပြေးဆွဲရန် လိုအပ်သည့်ဒီဇယ်ဆီများကို ဝယ်ယူရေးကန့်သတ်ထားခြင်း၊ အလုံအလောက်မရရှိခြင်းတို့ကြောင့် ခရီးစဉ်များ ပုံမှန်ပြေးဆွဲရန် ရပ်ဆိုင်းထားရမည့်အထိ အခက်အခဲများဖြစ်ပေါ်နေကြောင်း မြိတ်မြို့အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဆီဈေးတွေက အရမ်းတက်တယ်။ ပြေးဆွဲဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ လိုတဲ့ဒီဇယ်ဆီတွေကလည်း အလုံအလောက်ဝယ်မရတော့ ပိုဆိုးတယ်။ တချို့ခရီးစဉ်တွေဆို ရပ်ဖို့အထိဖြစ်နေပြီ”ဟု မြိတ်မြို့ အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းအပြင် တခြားကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ကျွန်းစုမှ မြိတ်မြို့သို့ ခရီးသွားလာမှုမှာလည်း ယခင်ထက်နည်းပါးနေသည့် အတွက် ခရီးစဉ်တချို့ကို ဖျက်သိမ်းရခြင်းများရှိလာနေကြောင်း ကျွန်းစုမြို့ခံ အမြန်ရေယာဉ်ပိုင်ရှင် အသိုင်းအဝန်းမှသိရသည်။

“အခုက ကုန်ဈေးနှုန်းတွေပါထပ်တက်တော့ ခရီးသွားမယ့်သူတွေက အရင်ထက်ပိုနည်းလာတယ်။ လုံးဝအဆင်မပြေတဲ့အတွက် ခရီးစဉ်တချို့ဆို ဖျက်ပစ်တာပါရှိတယ်”ဟု ကျွန်းစုမြို့ခံ အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

မြိတ်-ကျွန်းစုခရီးစဉ်တွင် ပုံမှန်အမြန်ရေယာဉ်သုံးစီးသာ ပြေးဆွဲနေပြီး ခရီးသည်တစ်ဦးကို ငွေကျပ်(၄၀၀၀) သတ်မှတ်ထားသည်။

ထိုသို့အခက်အခဲများဖြင့် အမြန်ရေယာဉ်များ ပြေးဆွဲမှုရပ်နားလိုက်ပါက ကျွန်းစုနှင့် မြိတ်မြို့ကြား ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း မြိတ်မြို့ခံများက ပြောဆိုသည်။

“ရေယာဉ်တွေပြေးဆွဲတာရပ်နားခဲ့ရင် အခက်အခဲကြုံတွေ့ရနိုင်ပါတယ်။ ပုံမှန်ခရီးသွားတဲ့သူအတွက်ရော ကုန်ပို့ဆောင်ရာမှာလည်း အကုန်အခက်ကြုံတွေ့ရနိုင်တယ်”ဟု မြိတ်မြို့ခံတစ်ဦးကပြောသည်။

မြိတ်-ကျွန်းစုခရီးစဉ်အတွက် လက်ရှိတွင် တစ်နေ့လျှင် ပုံမှန်သုံးခေါက်နှုန်း အသွားအပြန်အဖြစ် အမြန်ရေယာဉ်သုံးစီးဖြင့် ပြေးဆွဲနေကြောင်းလည်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...