ခရီးသွားလာရေးလမ်းကြောင်းများ အပိတ်ခံထားရသည့် ပလက်ဝတွင် ဆန်လုံးဝ ဝယ်ယူ၍မရတော့ဟုဆို

ခရီးသွားလာရေးလမ်းကြောင်းများ အပိတ်ခံထားရသည့် ပလက်ဝတွင် ဆန်လုံးဝ ဝယ်ယူ၍မရတော့ဟုဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်ကနေ သွားလာနေသည့် ခရီးသွားလာရေးလမ်းကြောင်းများကို စစ်ကောင်စီဘက်က ပိတ်ပင်ခံထားရသည့်အတွက် ပလက်ဝတွင် ဆန်လုံးဝ ၀ယ်ယူ၍မရနိုင်သည့်အခြေအနေသို့ရောက်ရှိနေကြာင်း ပလက်ဝဒေသခံများက ပြောသည်။

အဆိုပါခရီးသွားလာရေးလမ်းကြောင်းကို ပိတ်ခံထားရသည်မှာ လက်ရှိတွင် ရက်ပေါင်း ၁၀ ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ပလက်ဝမြို့သို့ ဆန်နှင့်အခြားအခြေခံစားသောက်ကုန်ပစ္စည်းများ ထပ်မံ၍မတင်သွင်းနိုင်သဖြင့် ဆန်ပြတ်လပ်ကာ အခြေခံစားသောက်ကုန်များအားလုံး စျေးနှုန်းများအဆမတန်မြင့်တက်နေကြောင်း ပလက်ဝဒေသခံများက ပြောသည််။

ထို့သို့လမ်းကြောင်းပိတ်ခံလိုက်ရပြီးနောက်ပိုင်း ပလက်ဝမြို့ပေါ်ရှိဆန်များကို ငွေကြေးတတ်နိုင်သူများက ကြိုတင်စုဆောင်းသည့်အနေဖြင့် ၀ယ်ထားလိုက်သည့်အတွက် မြို့ပေါ်တွင် ဆန်များကို ၀ယ်ယူ၍လုံးဝမရတော့သလို ရောင်းမည့်ဆန်မရှိဖြစ်နေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“အခုဆန်ကမရှိတော့ဘူး။ ပြတ်နေတယ်။ ၀ယ်ချင်လို့တောင်ဝယ်လို့မရတော့ဘူး။ ရှိတာလေးတွေနဲ့တော့ စားနေရတယ်အခု။ ပိုက်ဆံရှိတဲ့သူတွေမှာတော့ အများဝယ်ထားလိုက်ကြတယ်။ အရင်တစ်ပတ်လောက်ကတော့ မွန်ထောင့်က ဆန်တွေရောက်ခဲ့သေးတယ်။ ဆန်ဝယ်ထားလိုက်ကြတဲ့သူတွေဆီမှာတော့ ရှိနေကြမှာပဲ။ အမတို့မှာတော့ လက်ကျန်ဆန်နှစ်တောင်းကုန်ရင်တော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး” ဟုပြောသည်။

ပလက်ဝတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်နေသည့်ကြားက ကျောက်တော်ဘက်မှ ဆန်ရိက္ခာသယ်ဆောင်သည့် စက်လှေအချို့ရောက်ရှိလာခဲ့သဖြင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် ၈ သောင်းကျော်နှုန်းဖြင့် ၀ယ်ယူ၍ရခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကုန်သယ်ပို့သည့် စက်လှေငယ်များမှာလည်း ရောက်ရှိလာခြင်းမရှိသဖြင့်် ဆန်ပြတ်လပ်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိပလက်ဝတွင် ဆန်အပြင် ငါးခြောက်၊ ဆီနှင့်အခြား အခြေခံစားသောက်ကုန်များမှာလည်း ၀ယ်ယူရရှားပါးနေပြီး စက်သုံးဆီတစ်လီတာလျှင် ငွေကျပ် ရ ထောင်ဝန်းကျင်ဖြင့် ၀ယ်ယူနေရကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

“အခုက တောင်လမ်းကရော၊ ရေလမ်းကရော တခုမှလည်း လာခွင့်မပြုဘူး။ ဆန်တွေကဝယ်လို့မရတော့ တောင်ယာလုပ်တဲ့သူတွေမှာ မနှစ်ကကျန်ခဲ့တဲ့ ဆန်အဟောင်းတွေကို ထိုးပြီးရောင်းတာလည်း ရှိတယ်။ အဲဒီလိုရောင်းတာကိုတောင် အလုအယက်ဝယ်ကြရတယ်။ အဲဒါတောင် ၀ယ်လို့မရလိုက်တာရှိတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်မှ ပလက်ဝမြို့သို့သွားလာနေသည့် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစ၍  ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ပလက်ဝအခြေစိုက် စစ်ကောင်စီအမှတ်(၂၈၉) တပ်ရင်းက ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိတ်ထားခြင်းကြောင့် ယင်းဒေသအတွင်းရှိ ဒေသခံပြည်သူများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်မှစ၍ ပလက်ဝမြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ နေ့တိုင်းနီးပါး တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကာ စစ်ကောင်စီဘက်မှလည်း ခမရ ၂၈၉ တပ်၊ လာမွေတောင်၊ ရေအေးစခန်းနှင့် စိမ့်စင်းတောင်ကုန်းတို့မှ လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...