နတ်ဝင်သည်ဆိုကာ နတ်ဆရာက ရိုက်နှက်မှုကြောင့် မြေပုံမြို့နယ်မှ အမျိုးသမီးတစ်ဦးသေဆုံး

နတ်ဝင်သည်ဆိုကာ နတ်ဆရာက ရိုက်နှက်မှုကြောင့် မြေပုံမြို့နယ်မှ အမျိုးသမီးတစ်ဦးသေဆုံး
နတ်ဆရာ၏ရိုက်နှက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီး။
နတ်ဆရာ၏ရိုက်နှက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီး။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရီရှင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို နတ်ဝင်သည်ဆိုကာ နတ်ဆရာက ရိုက်နှက်နတ်ချွတ်မှုကြောင့် ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ် မခင်မျိုးသန်းဖြစ်သည်။ ၎င်းမှာ ခါးကြောညှပ်၊ အရိုး၊ အဆစ်အမြစ် ယောင်ယမ်းသည့်ဝေဒနာကို ခံစားနေရသဖြင့် မြေပုံမြို့နယ်၊ မြိုင်သာယာရွာရှိ မှော်ဆရာတစ်ဦးထံ ယခုလ ပထမအပတ်က သွားရောက်ပြသခဲ့သည်။

ပထမတစ်ရက်ပြစဉ်က သက်သာသော်လည်း ရောဂါပြန်ပေါ်သဖြင့် ထမ်မံသွားပြခဲ့ရာ နတ်ဝင်သည်ဟုဆိုကာ ရိုက်နှက်ပြီးနတ်ချွတ်ရာမှ ဒဏ်ရာများစွာရရှိကာ သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

“သူ့ရောဂါက ခါးကြောညှပ်တယ်ဆိုပြီး အရိုး၊ အဆစ်အမြစ်တွေအေးတယ်ဆိုပြီး နတ်ဆရာဆီမှာသွားပြတာ။ မှော်ဆရာက ခါးကြောညှပ်တယ်ဆိုပြီး ပထမတစ်ရက်နှိပ်တော့ သက်သာတယ်။ ကိုယ့်ရွာပြန်လာပြီး ရောဂါပြန်ပေါ်လာလို့ နောက်တစ်ခေါက်သွားပြတော့ သူ့ကို နတ်ကိုင်တယ်ဆိုပြီး မနှိပ်တော့ဘူး။ နတ်ချွတ်(အစွဲချွတ်)တယ်။ အဲဒီမှာ ဒဏ်ရာတွေအများကြီးရပြီးတော့ဖြစ်သွားတာပါ“ဟု သူကဆိုသည်။

ထိုသို့နတ်ဆရာ၏ရိုက်နှက်မှုကြောင့် မခင်မျိုးသန်းမှာ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိခဲ့ကာ မျက်လုံးတွင်လည်း ဒဏ်ရာရရှိသွားကြောင်း ၎င်း၏မိသားစုဝင်က ဆက်လက်ပြောပြသည်။

“တကယ့်ကို အများဆုံးရတဲ့ဒဏ်ရာနေရာတွေက မျက်နှာမှာ များပါတယ်။ ခေါင်းကိုလည်း စူးတွေနဲ့ထိုးထားတာတွေက အားလုံး အပေါက်တွေ ဖြစ်နေပါတယ်။ မျက်လုံးတွေကလည်း ဘယ်လိုပြောပြရမှန်းတောင် မသိပါဘူး။ မျက်လုံးတွေကို ထွတ်ထားသလိုဖြစ်နေပါတယ်။ မျက်လုံးနှစ်လုံးကလည်း သိပ်ရဲပြီး သွေးဖုတွေလိုဖြစ်နေပါတယ်“ဟု ၎င်းကဆိုသည်။

အဆိုပါဒဏ်ရာများကိုပြသရန် စစ်တွေသို့ယူဆောင်လာပြီး ဆေးကုသမှုခံယူခဲ့ရာ သြဂုတ်လ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အေးငြိမ်းဆေးရုံမှာ ၆ ရက်လောက် ဆေးရုံတက်ခဲ့တယ်။ အဲဒီက အကြီးဆုံးဆရာဝန်ကြီးက ဒီမှာဆိုရင် ငွေကြေးတွေအများကြီးကုန်မယ်။ ဆေးရုံကြီးကိုပြောင်းလိုက်ဆိုပြီး ညွှန်ကြားလို့ အဲဒီ ၁၂ ရက်နေ့ ၁၀ နာရီလောက် ဆေးရုံကြီးကိုပြောင်းတော့ ညနေ ၅ နာရီလောက်ကျတော့ အသက်ကမရှိတော့ဘူး”ဟု အထက်ပါ မိသားစုဝင်ကပြောသည်။

အဆိုပါ နတ်ဆရာဆိုသူမှာ မြေပုံမြို့နယ်၊ မြိုင်သာယာကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ဆေးထိုးခြင်း၊ နတ်ချွတ်ခြင်းတို့ကို လုပ်ကိုင်သူဖြစ်သည်။ လက်ရှိတွင် မခင်မျိုးသန်းသေဆုံးမှုနှင့် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့က နတ်ဆရာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...