နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့်တရားစွဲခံရသည့် ပန်းရန်လုပ်သားနှစ်ဦးအမှု ဩဂုတ် ၂၅ ရက်နေ့သို့ ထပ်မံရုံးချိန်း

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့်တရားစွဲခံရသည့် ပန်းရန်လုပ်သားနှစ်ဦးအမှု ဩဂုတ် ၂၅ ရက်နေ့သို့ ထပ်မံရုံးချိန်း

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ ကိုစိုင်းဝဏ္ဏကျော်နှင့် ကိုထွန်းထွန်းဇော်တို့နှစ်ဦး၏အမှုရုံးချိန်းကို လာမည့် ဩဂုတ် ၂၅ ရက်သို့ ထပ်မံရွှေ့လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့နှစ်ဦးအမှုကို လွန်ခဲ့သည့် သြဂုတ် ၁၁ ရက်က ကျောက်ဖြူ မြို့နယ်တရားရုံးတွင် စစ်ဆေးရန် ရုံးချိန်းပေးခဲ့သော်လည်း လုံခြုံရေး အကြောင်းပြချက်ကြောင့် တရားလိုပြ သက်သေများ မရောက် လာသဖြင့် ရုံးချိန်းကို ဩဂုတ် ၂၅ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်း ၎င်းတို့၏ မိသားစုဝင် တစ်ဦးက ပြောသည်။

"လုံခြုံရေးအကြောင်းပြချင်နဲ့ တရားလိုသက်သေတွေမရောက်လာကြပါ။ လာမယ့် ဩဂုတ် ၂၅ ရက်နေ့ကို ရုံးချိန်းထပ်ချိန်းလိုက်ပါတယ်။ သူတို့ကိုတော့ ရုံးထုတ်လာပါတယ်။ တရားလိုပြ သက်သေတွေ မရောက်လာလို့ အမှုမစစ်ရပါ" ဟုပြောသည်။

ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)တို့သည် ပန်းရန်လုပ်ငန်း လုပ်ကိုင် နေကြသူများ ဖြစ်ကြပြီး ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဇင်ချောင်းကျေးရွာတွင် လုပ်ငန်းသုံး ပစ္စည်းဝယ်ရန်လာစဉ်တွင် ဖမ်းဆီးခံခဲ့ရသည်။

“ သူတို့က ဇင်ချောင်းရဲစခန်းရှေ့မှာရှိတဲ့  လုပ်ငန်းသုံးပစ္စည်းရောင်းတဲ့ ဆိုင်ကနေ ပစ္စည်းတွေ ဝယ်အပြီး အနီးအနားက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်စားနေတဲ့အချိန် ရဲသား ၅ ဦးကနေ  မသင်္ကာလို့  စစ်ဆေး မေးမြန်းစရာ ရှိတယ်ဆိုပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ဇွန်လ ၂၅ ရက်  နံနက်ပိုင်းတွင် မိသားစုဝင်များက ၎င်းတို့နှစ်ဦးနှင့်  တွေ့ခွင့်ရခဲ့ပြီး ၎င်းနေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခု၏ စစ်ကြောရေးသို့  ပို့ဆောင်ခံခဲ့ရသည်ဟု သိရသည်။

၎င်းနောက် သူတို့နှစ်ဦးအား ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ နိုင်ငံတော် ဆူပူ လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက် တင်ထားကြောင်း သိရသည်။

သို့သော်လည်း မိသားစုများအနေဖြင့် ၎င်းတို့နှစ်ဦးအား မည်သည့်အတွက်ကြောင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်ကြောင်းကို လက်ရှိအချိန်ထိ မသိရှိဟု ဆိုသည်။

သူတို့ နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းကျေးရွာတွင် လူပျိုကာလသား ခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင် ဦးဆောင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ရခိုင်တွင် အေအေနှင့် ဆက်စပ်သည့် သံယယဖြင့် စွပ်စွဲဖမ်းမိသူများကို စကစမှ ယခင်ကလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ (ဈ) တို့ဖြင့် တရားမစွဲဆိုတော့ဘဲ နိုင်ငံတော် ဆူပူမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုမှုများလာသည်ဟု သိရသည်။

“ သူတို့ (စကစ)က အရင်ကတော့ ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်သူတွေကို အကြမ်းဖက် ပုဒ်မတွေ တပ်ပြီးတရားစွဲတယ်။ ထောင်ချတယ်။ အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်လိုက်ပြီး ဖြစ်တာကြောင့် ခုလို အေအေနဲ့ ဆက်စပ်သူတွေကို အကြမ်ဖက်မှုနဲ့ တရားစွဲဆို ထောင်ချတာဟာ ဥပဒေကြောင်းအရ ကိုက်ညီမှု မရှိဘူးလို့  ဝေဖန်မှုတွေ ထွက်လာပြီးတဲ့နောက်မှာ အခု အသစ်ပြဋ္ဌာန်းလာတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုလာတာဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ  ဥပဒေ ရေးရာကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ပုဒ်မ ၅၀၅ (က)သည် စစ်ကောင်စီ အာဏာရရှိလာပြီးနောက် ပြင်ဆင် ဖြည့်စွက်လိုက်သည့် ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မတခုဖြစ်ကြောင်းလည်း သိရသည်။

ပုဒ်မ ၅၀၅ (က) အရ မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူ လူထုကိုဖြစ်စေ ထိတ်လန့် စေလျှင် (သို့) ထိတ်လန့် စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျှက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံရွယ် လျှင်၊ အစိုးရဝန်ထမ်း တဦးဦးကို ဖြစ်စေ၊ အစိုးရ ဝန်ထမ်းတဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ ကျူးလွန်စေရန် ကြံရွယ်လျှင် (သို့) လှုံ့ဆော်လျှင် တရားစွဲဆိုနိုင်သည်ဟု ဖွင့်ဆိုထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...