စည်းလုံးညီညွတ်မှုရှိမှ ရန်သူကို ပြန်လည်တိုက်ထုတ်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် အားလုံးပြန် လည်ပူးပေါင်းရန် တံခါးဖွင့်ပေးထားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီးစောဂျော်နီမှ ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သည့် ကရင်အာဇာနည်နေ့တွင် တိုက်တွန်းပြောဆိုသည်။
“ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ကျနော်တို့ကရင်လူမျိုးတွေပဲ တိုက်ယူရမှာဖြစ်တယ်။ ဘယ်သူမှလာပြီး တိုက်ယူပေးမှာ မဟုတ်ဘူး။ ရပ်နီးရပ်ဝေး ကျနော်တို့လူမျိုးတွေကို ပေးသိချင်တာက ပြန်လာစုစည်းပါ။ ပြန်လာပူး ပေါင်းတိုက်ဖို့ ကျနော်တို့ တံခါးဖွင့်ပေးထားတယ်။ ကျနော်တို့ အင်အားရှိမှ ရန်သူဘက်ကလည်း ကျနော်တို့ကို အလေး ထားမှာ။ ရန်သူကိုပြန်တိုက်ဖို့က နိုင်ငံရေး၊ စစ်ရေးအပိုင်းမှာဖြစ်ဖြစ် ကျနော်တို့လူမျိုးတွေရဲ့ ပူးပေါင်းပါဝင်မှုအား လိုအပ်တယ်။”ဟု ဗိုလ်ချုပ်ကြီးစောဂျော်နီက ကရင်အာဇာနည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကရင်လူမျိုးအချင်းချင်းထဲတွင် အမြင်မတူသည့်အတွက် လက်မတွဲတော့ဘဲ ယခင်က အဖွဲ့အမျိုးမျိုး ခွဲထွက်ခဲ့ပြီးဖြစ်သ လို အမြင်မတူ၍ ခွဲထွက်ခြင်းမှာ အဖြေမဟုတ်သည့်အတွက် အမြင်မတူမှုကို တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း စည်းစည်းလုံးလုံးနှင့် ရည်မှန်းချက်ပန်းတိုင်ကိုသွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)တွင် ထိုနေ့က ကျင်းပခဲ့သည့် (၇၂)နှစ်မြောက် ကရင် အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနား၌ KNLA စစ်ဦးစီးချုပ်နှင့်အတူ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးတို့လည်း အမှာစကားပြောကြားခဲ့ကြသလို ကေအဲန်ယူ ဥက္ကဌ၏ မိန့်ခွန်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုစစ်ဌာနချုပ်မှ ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ် ကြားခဲ့ကြသည်။

(၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုစစ်ဌာနချုပ်က ပေးပို့သည့် သဝဏ်လွှာထဲတွင် ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူလူထုအပေါင်းက မိမိတို့အသီးသီး တာဝန် ကိုယ်စီ ထမ်းဆောင်ရွက်ရသည့်အပြင် အထက်တာဝန်ရှိသူခေါင်းဆောင်များ၏ စီစဉ်ညွှန်ကြားချက်ကိုလည်း စောင့် ကြည့်နားထောင်ပြီး ဥက္ကဌ စောဘဦးကြီးနှင့်တကွ ခေါင်းဆောင်အဆက်ဆက် ချမှတ်ထားခဲ့သည့် လမ်းစဉ်၊ လုပ်ငန်းစဉ် များအပေါ် မားမားမတ်မတ် ရပ်တည်ကြဖို့ကိုလည်း တိုက်တွန်းထားသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ကရင်အာဇာနည်နေ့ မိန့်ခွန်းတွင် ကေအဲန်ယူ၏ သဘောထားရပ် တည်ချက်သည် နိုင်ငံရေးဆိုင်ရာပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသာဖြစ်သော်လည်း နိုင်ငံ့အာ ဏာကို တရားမဝင် သိမ်းယူခဲ့သည့် စစ်အုပ်စုသည် နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိနှိုင်းအဖြေရှာသည့် အရိပ်အယောင် ရှိသည်ကို မတွေ့ရှိရသည့်အတွက် လက်ရှိ ကေအဲန်ယူသည် ခုခံတော်လှန်ရသည့် အချိန်အခါ၌သာရှိသောကြောင့် ကရင်အမျိုးသားနိုင်ငံရေးပြဿနာသည် နိုင်ငံရေး၊ သံတမန်ရေးနှင့် လူမှုရေးဆိုင်ရာ နည်းလမ်းပေါင်းစုံဖြင့် အဖြေရှာရ မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။
ကေအဲန်ယူ တပ်မဟာ(၇) ဌာနချုပ်တွင် ကျင်းပသည့် ကရင်အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးသွားသည့် ကရင် အာဇာနည်ခေါင်းဆောင်များကို ကရင်လူငယ်မောင်မယ်များက ဂုဏ်ပြုပန်းခွေများဖြင့် ဂါရ၀ပြုခြင်း၊ ကရင့်တော်လှန် ရေးတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ သေဆုံးသွားခဲ့သည့် တပ်မှူးတပ်သားများ၏ ကျန်ရစ်သူ ဇနီးသည်များနှင့် သက်တမ်းရင့် စစ်သမီးများကိုလည်း ဂုဏ်ပြုခဲ့ကြပြီး အခမ်းအနားကို ကရင်ရိုးရာဒုံးအကဖြင့် အဆုံးသတ်ခဲ့ကြသည်။
သက်တမ်းရင့် အမျိုးသမီးစစ်သည် နော်သဘီးက "ဒီလိုအာဇာနည်နေ့မှာ ကျမတို့ကို ဂုဏ်ပြုပေးတဲ့အတွက် ကျမက တော့ အတိုင်းမသိ ဝမ်းသာတယ်။ ကျဆုံးသွားသူတွေအတွက်လည်း ဂုဏ်ယူတယ်။ တော်လှန်ရေးထဲမှာပါဝင်တဲ့ ကျမ တို့ကို ဂုဏ်ပြုပေးတာတော့ နှစ်တိုင်းမရှိဘူး။ ကျမတော်လှန်ရေးထဲဝင်လုပ်တာ နှစ်ပေါင်း(၄၀) ကျော်ပြီး အပြစ်လုပ် တာလည်း တစ်ခါမှမရှိဘူး။ ထွက်ပြေးနေတာလည်း မရှိဘူး။ အခုထိ နိုင်ရင်နိုင်သလို တာဝန်ရှိရင် လုပ်ပေးနေတုန်းပဲ။" ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ပိုင်ကျုံမြို့နယ်ရှိ တပ်ရင်း(၂၂)နယ်မြေ၌ ပြုလုပ်သော ကရင်အာဇာနည်နေ့ အခမ်းအနားတွင် KNLA တပ် ရင်း(၂၁)နှင့် (၂၂) တပ်ရင်းမှ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူ စစ်သည်များကိုလည်း ဂုဏ်ပြုထောက်ပံ့မှုများ ပေးအပ်ခဲ့ သေးကြောင်း သိရသည်။
ယခုနှစ် ကရင်အာဇာနည်နေ့ကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ နေရာအများအပြားတွင် ကျင်းပကြကာ အချို့နေရာ များတွင် စစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုချီတက်ခဲ့ကြပြီး ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်း အရုံး-KYO၊ ချင်းအမျိုးသားအဖွဲ့ချုပ်-CNO၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPH၊ အမျိုးသားညီညွတ် ရေးအစိုးရ-NUG၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD စသည့်အဖွဲ့များမှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။







