ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီထံ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းမယ့်သူ မရှိ

ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီထံ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းမယ့်သူ မရှိ

မွန်ပြည်နယ်၊ ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ ပြည်နယ်စစ်ကောင်စီက ကိုယ်စားလှယ် တစ်ဦး စေလွှတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လုံခြုံရေးကြောင့် တာဝန်ထမ်းဆောင်မယ့်သူ မရှိဘူးလို့ မွန်ညီညွတ်ရေးပါတီ (MUP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြု (PR) စနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် မွန်ပြည်နယ်ရှိ ရေးနဲ့ ကျိုက်ထိုမြို့နယ်တို့ကို ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ သူတို့ တိုးချဲ့ဖွဲ့စည်ထားတဲ့ ရေးခရိုင်ကောင်စီမှာ အဖွဲ့ဝင် တစ်ဦး စေလွှတ်ပေးဖို့ မွန်ညီညွတ်ရေးပါတီထံ ကမ်းလှမ်းခဲ့တာပါ။ စစ်ကောင်စီ ကမ်းလှမ်းလာတာကြောင့် မွန်ညီညွတ်ရေးပါတီက ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်မှာ အစည်းအဝေး ခေါ်ယူပြီး ကိုယ်စားလှယ် ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်စားလှယ် ရွေးချယ်ရာမှာ လုံခြုံရေးကြောင့် စစ်ကောင်စီ ကမ်းလှမ်းခဲ့တဲ့ ရေးခရိုင်ကောင်စီအဖွဲ့မှာ တာဝန်ဆောင်မယ့်သူ မရှိဘူးလို့ မွန်ညီညွတ်ရေးပါတီ (MUP) ပြောခွင့်ရ နိုင်သန်းရွှေက ပြောပါတယ်။

“အစိုးရက ခရိုင်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းတာ ရှိတာပေါ့၊ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးတော့ ခရိုင်ကော်မတီအတွက် လူရွေးဖြစ်ခဲ့တယ်။ဒါပေမယ့် ကျွန်တော်တို့ လွှတ်တဲ့သူက သူ့ရဲ့ သဘောဆန္ဒအလျောက်က တာဝန်မယူနိုင်ဘူးပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ MUP ကိုယ်တိုင် လူရှာလို့ မရလို့ မပါဝင်ဖြစ်ခဲ့ဘူးပေါ့”လို့ သူက ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ရေးခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းမှုအပေါ် တာဝန်ထမ်းဆောင်မယ့်သူ မရှိကြောင်းနဲ့ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို ခန့်အပ်နိုင်ကြောင်း အကြောင်းပြန်လိုက်တယ်လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်၊ ရေးဒေသဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာတွေကို မကြာခဏ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် လုံခြုံရေး တင်းကြပ်ထားရတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ရေးမြို့နယ် လဝကရုံးကို ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် သုံးဦး သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ မွန်လူမျိုးကိုယ်စားပြု ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမတို့ဟာ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တို့မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...