ပြည်သူများကို ဆက်ဖမ်းဆီးနေပါက တကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်ဟု AA ပြော

ပြည်သူများကို ဆက်ဖမ်းဆီးနေပါက တကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်ဟု AA ပြော

ရခိုင်ပြည်အတွင်းရှိ ပြည်သူများကို မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးမှုများရှိပါက တကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

“မြန်မာစစ်တပ်နဲ့ ထိပ်တိုက်ထိတွေ့မှုတချို့ရှိခဲ့သလို မြန်မာစစ်တပ်အနေနဲ့ အေးဆေးမနေဘဲ နောက်ထပ်လည်း ရခိုင်ပြည်သူတွေကို မတရားဆက်လက်ဖမ်းဆီးနေမယ်ဆိုရင်တော့ ရခိုင်ဒေသအတွင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာဖို့ရှိတယ်”ဟု ဦးခိုင်သုခကဆိုသည်။

ထို့အတူ ရခိုင်-ဘင်္ဂလားနယ်စပ်နှင့် ပလက်ဝမြို့နယ်များတွင် မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး မြေပြင်တွင်လည်း AA စခန်းများကို ထိုးစစ်သဖွယ် တိုက်ခတ်မှုများရှိနေသည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် ယခင်ကထက် သတိပြုသွားလာကြရန် ဦးခိုင်သုခကဆက်ပြောသည်။

“ဒီဖက်မှာဆိုရင် ဘင်္ဂလား-ရခိုင်နယ်စပ်၊ ပလက်ဝဖက်တွေမှာ မြန်မာစစ်တပ်က သွေးတိုးစမ်းပွဲတွေကို ဆက်တိုက်ဆိုသလိုမျိုးလုပ်ဆောင်လာပြီးတော့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်။ နောက်ပြီးတော့ မြေပြင်မှာရှိတဲ့ AA စခန်းတွေကို ထိုးစစ်ဆင်သလို တိုက်ခိုက်လာနေတာရှိတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေအရ ရခိုင်ပြည်သူတွေအနေနဲ့ အရင်ကထက် စစ်ရေးသတိပိုရှိပြီးတော့ အထူးသတိပြုသွားလာနေထိုင်ဖို့ ပြောလိုပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လမှစတင်ကာ စစ်ကောင်စီက ဒေသခံများကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးမှုများရှိပြီး ယင်းအထဲမှ မာန်အောင်ဒေသမှာ အများဆုံးဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

လက်ရှိရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးတင်းမာမှုများရှိပြီး ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိသလို စစ်ကောင်စီကလည်း သံသယဖြင့် ဒေသခံများကို လိုက်လံဖမ်းဆီးမှုများရှိကာ တရားစွဲဆိုခံရသူများလည်း ရှိနေသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...