ရခိုင်တွင် ပြည်သူ့စစ်ဖွဲ့စည်းမည့်ကိစ္စ ပြည်နယ်အစိုးရ ငြင်းဆို

ရခိုင်တွင် ပြည်သူ့စစ်ဖွဲ့စည်းမည့်ကိစ္စ ပြည်နယ်အစိုးရ ငြင်းဆို
Photo-AFP
Photo-AFP
ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများအရ ပြည်သူ့စစ်ဖွဲ့စည်းပေးရေး ကိစ္စမှာ ပြည်နယ်အစိုးရနှင့် မသက်ဆိုင်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၏ တိုက်ရိုက်အမိန့်ပေးမှုအောက်တွင်သာရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။ “ လုံခြုံရေးအခြေအနေတွေကို ပြည်နယ်အစိုးရကစီမံခန့်ခွဲတာမှ မဟုတ်တာ။ ကာကွယ်ရေးဦးစီးချူပ်က တိုက်ရိုက်ကိုင်တွယ်ထားတဲ့ကိစ္စပဲကို။ ကျွန်တော်တို့က ဘာကိုပြောရမှာလဲ။ ပြည်နယ်အစိုးရအနေနဲ့ကတော့ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ကိစ္စတွေကို စီမံလို့မှမရတာ။” ဟု စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။ အကြမ်းဖက်မှုများ ကြုံတွေ့နေရသော ရခိုင်နယ်စပ် မောင်တောဒေသတွင် ရခိုင်တိုင်းရင်းသားများအနေနှင့် မိမိတို့လုံခြုံရေးအား မိမိတို့ကိုယ်တိုင်ပါဝင် ကာကွယ်နိုင်ရေး ပြည်သူ့စစ်ဖွဲ့စည်းရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်၏ ပြောကြားချက်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒနှင့် ပေါ်လစီဟုတ်မဟုတ် ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းအောင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍လည်း “ NLD စစ်တွေ ဥက္ကဋ္ဌ ဆိုပေမယ့်လည်း သူက ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တယ်။ ဆိုတော့ ဒါကလည်း ရခိုင်တစ်ဦးအနေနဲ့ ဖြစ်စေချင်တဲ့ သဘောမျိုးကို ပြောသွားတယ်လို့ပဲ ယူဆပါတယ်။” ဦးမင်းအောင်က မှတ်ချက်ပြုခဲ့သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ နယ်စပ်ဒေသများအတွင်း အပြစ်မဲ့ပြည်သူများ မကြာခဏ သတ်ဖြတ်ခံနေရသောကြောင့် လုံခြုံရေးတိုးမြှင့်ရန်နှင့် ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း နိုင်ငံရေးပါတီများနှင့် ရခိုင်လူထုက တောင်းဆိုလျက်ရှိသော်လည်း နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့ခြင်း မရှိခဲ့ပါ။ မကြာသေးခင်ကလည်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၅) ခုတွင် သြဂုတ်လ ၁၃ ရက်နေ့က တပြိုင်နက် လူထုဆန္ဒဖော်ထုတ်မှုတရပ်ကို ပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ အစိုးရအား တောင်းဆိုခဲ့ကြသေးသည်။ ယင်းသို့ တောင်းဆိုမှုများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က သြဂုတ်လ ၁၆ ရက်နေ့တွင် ထပ်မံပြောကြားခဲ့သည်။ “ လုံခြုံရေးအစီစဉ်တွေ တိုးမြှင့်လာတယ်။ ပြီးတော့ အခု လုပ်နေတာတွေ ရှိတာပဲ။ လမ်းတွေဖောက်နေတယ်။ ဆိုတော့ ထပ်ပြီးတော့လည်း ကျေးရွာအလိုက် လုံခြုံရေးကာကွယ်ပေးဖို့ အစီစဉ်တွေရှိလာနိုင်တယ်လို့ ထင်ပြီး ပြောတာပါ။ ရှိမရှိဆိုတာကတော့ ကျွန်တော််က အစိုးရအဖွဲ့ဝင်လည်းမဟုတ်တော့ တိတိကျကျ ဘယ်သိနိုင်မလဲ။ ခု ဆန္ဒဖော်ထုတ်ပွဲတွေမှာ တောင်းဆိုကြတယ်။ ဒါပြည်သူ့အသံပဲ။ တစ်ဖက်မှာ အစိုးရလုပ်တာကိုလည်း ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျွန်တော်က တကယ်လို့ ပါတီအနေနဲ့ ဒီလိုလုပ်မယ်ဆိုရင် ဝမ်းသာတယ်လို့ ပြောတာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က ပြောသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများအား လက်နက်တပ်ဆင် ပြည်သူ့စစ်ဖွဲ့စည်းပေးမည်ဆိုပါက နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲမှုများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသလို အခြားတစ်ဖက်တွင် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော AA ၏ တပ်အင်အားကို ဖြည့်ပေးသလို ပိုမိုများပြားလာစေနိုင်သဖြင့် တပ်မတော်မှ မည်သို့မှ ခွင့်ပြုနိုင်ဖွယ် မရှိကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။ ယခုလို ရခိုင်တိုင်းရင်းသားများအား ပြည်သူ့စစ်ဖွဲ့စည်းပေးမည့် သတင်းထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ သေချာရှင်းလင်းစွာ ဖြေကြားနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ရှင်းလင်းစွာပြောကြားနိုင်ခဲ့ခြင်းမရှိသေးသလို ပြည်သူ့စစ်ဖွဲ့မည် မဖွဲ့မည်ဆိုခြင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ညွှန်ကြားမှုအောက်တွင် ရှိကြောင်းဟုသော အဖြေကိုသာ ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားခဲ့သည်။ ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့မယ်လို့ ထွက်ပေါ်နေတဲ့သတင်းနဲ့ ပတ်သက်ပြီး ဦးဇော်ဌေး က “ ဒါနဲ့ပတ်သက်လို့ အစိုးရတာဝန် စယူချိန်ကတည်းက ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းရန်မရှိကြောင်း ပြောထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်လာခြင်း အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ညှိနှိုင်းပြီး တပ်မတော်တပ်ရင်းတပ်ဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့များပူးပေါင်း၍ မေယုတောင်စိုးမိုးရေး စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်နှိမ်နင်းရေးနှင့် ဒေသခံပြည်သူလူထု လုံခြံုရေးအထူးအလေးထား ဆောင်ရွက်နေပါတယ်။ပြည်သူ့စစ်ဖွဲ့စည်းရေး ပြောဆိုနေခြင်းများနှင့် ပတ်သက်ပြီး အစိုးရ၏ မူဝါဒမဟုတ်ကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...