မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ထပ်မံ ကြုံတွေ့လာရ

မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ထပ်မံ ကြုံတွေ့လာရ

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ ဈေးနှုန်းပြန်လည် မြင့်တက်လာပြီးနောက် ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်မှုနဲ့ပါ ထပ်မံကြုံတွေ့လာရတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က တစ်လီတာ ကျပ် ၁၇၀၀ လောက်သာ ရှိခဲ့တဲ့ ဓာတ်ဆီ ၉၅ တစ်လီတာဟာ သြဂုတ် ၉ ရက်နေ့မှာ ကျပ် ၂၀၀၀ ဝန်းကျင်ထိ ဈေးနှုန်း မြင့်တက်လာသလို ပရီမီယံဒီဇယ်ကလည်း တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ကနေ ၂၂၅၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာနဲ့အတူ စက်သုံးဆီ အလုံအလောက် ဝယ်ယူမရတာကြောင့် စက်သုံးဆီ အရောင်းဆိုင်တချို့ အရောင်းရပ်နားလာကြတာ ဖြစ်ပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုဟာ စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်ထားတဲ့အတွက် လိုသလောက် ဝယ်ယူလို့ မရတာကြောင့် ပြတ်လပ်မှုနဲ့ ထပ်မံ ကြုံတွေ့လာရတာ ဖြစ်တယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အဲ့ဒီ ဒေါ်လာ အဆင်မပြေလို့ဘဲ ဆီက ပြတ်တောက် ဖြစ်နေတယ်လေ၊ ပြတ်တယ် ဆိုတာက အခုက အော်ဒါ တင်ထားတဲ့ အတိုင်းက ဆီကမရဘူးပေါ့နော်၊ ဘာကြောင့်ဆို တစ်ခါတလေကျတော့ ရက်တွေ ကြာသွားတာ ဆီဆိုင်မှာ ဆီပြတ်တာ ကြုံရတာပေါ့လေ၊ အဲ့ဒီ ဒေါ်လာကြောင့်ပဲ၊ ဆီကတော့ ရောက်လာလို့ရှိရင် ဒေါ်လာပေးမှ ချလို့ရတာကို၊ ဆီက သင်္ဘောကနေ ချလိုရမယ်ဆိုတော့ အဲ့ဒီ ဒေါ်လာက အဆင်သင့် မဖြစ်လို့ပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ မေလတုန်းကလည်း စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်သူတွေ ခွဲတမ်းနဲ့ဝယ်ယူရတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။

စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအဆိုအရ စက်သုံးဆီဟာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးအတိုင်း ပြင်ပမှာ ဝယ်ယူလို့ မရတာနဲ့ စစ်ကောင်စီက ချပေးတဲ့ စက်သုံးဆီတွေကို စောင့်ဆိုင်း ဝယ်ယူနေတာကြောင့် ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဈေးကွက်အတွင်း စက်သုံးဆီ လိုအပ်ချက်တွေ မြင့်မားနေတဲ့အချိန်မှာပဲ ပြည်ပကနေ တင်သွင်းနေရတဲ့ ရေနံနဲ့ရေထွက်ပစ္စည်းတွေကို လျှော့ချသွားမယ်လို့ သြဂုတ် ၈ ရက်နေ့မှာ ပြောဆိုလာတာပါ။

စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေကတော့ ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘဲ စက်သုံးဆီ တင်းသွင်းမှုကို လျှော့ချလာပါက စက်သုံးဆီပြတ်လပ်မှု ပိုမို ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံဟာ စက်သုံးဆီလိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ပြည်တွင်းကနေ ထုတ်လုပ်နိုင်တာဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပကနေ တင်သွင်း အသုံးပြုနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၃ ဆနီးပါး ဈေးနှုန်းမြင့်တက်လာခဲ့သလို မကြာခဏ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...