မောင်တောတွင် စစ်ရေးတင်းမာလာပြီးနောက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှနုတ်ထွက်ရန် ပြင်ဆင်လာကြ

မောင်တောတွင် စစ်ရေးတင်းမာလာပြီးနောက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှနုတ်ထွက်ရန် ပြင်ဆင်လာကြ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှနုတ်ထွက်ရန် ပြင်ဆင်ထားကြကြောင်း ပြောဆိုကြသည်။

မောင်တောမြို့နယ်မှ မင်းခမောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်တို့မှာ သြဂုတ်လ ၂ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် နုတ်ထွက်စာအသီးသီးတင်ခဲ့ကြသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

အမည်မဖော်လိုသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက “သူတို့တော့ နိုင်ငံရေးအခြေအနေမကောင်းလို့ တင်တာ။ သူတို့ဖုန်းဆက်ပြီးပြောပါတယ်။ တစ်ခုခုဖြစ်ရင် ငါတို့ဘက်က တာဝန်ယူမယ့်လူမရှိဘူး။ အဲဒါကြောင့်တင်လိုက်ပြီ။ မင်းတို့အခြေအနေတွေကဘယ်လိုလဲလို့ မေးခဲ့ပါတယ်။ ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေတော့ အခြေအနေမကောင်းတဲ့အခါမှ တင်ဖို့လုပ်ထားကြပါတယ်”ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၉ ရက်နေ့က ကြိမ်ချောင်းအုပ်ချုပ်ရေးမှူးနှင့် သာယာကုန်းကျေးရွာ တာဝန်ခံတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးသဖြင့် ဒေသခံအုပ်ချုပ်ရေးမှူးများမှာ အလားတူဖြစ်စဉ်မျိုးဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

“စိုးရိမ်မှုတွေရှိနေကြလို့ အခုတောင် နှုတ်ထွက်စာတင်ဖို့ အစီအစဉ်တွေလုပ်ထားပါပြီ။ ကျွန်တော်ကတော့ အသက်ကြီးလာလို့ ကျန်းမာရေးမကောင်းလို့ နှုတ်ထွက်စာတင်မှာပါ။ တခြားကျန်တဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ အစီအစဉ်ရှိကြတယ်။ နှစ်ယောက်ကတော့ တရားဝင်တင်ထားတယ်။ နှုတ်ထွက်စာတင်လို့ ကျလာမှာလား၊ မကျလာမှာလားဆိုတာကိုတော့ အားလုံးစောင့်ကြည့်နေကြတယ်”ဟု နောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

မောင်တောမြောက်ပိုင်းမှ နောက်ထပ်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း မိမိတို့မှာ ရိုးသားစွာလုပ်ကိုင်စားသောက်နေသော်လည်း ဒေသတွင်း တစ်စုံတစ်ခုဖြစ်ပေါ်လာပါက အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ရပ်ဖများကိုသာ ဖမ်းဆီးနေသည့်အတွက် စိုးရိမ်နေရသည်ဟုဆိုသည်။

“တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားပြီး အပြစ်မရှိအပြစ်ရှာ သံသယဝင်နေမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတိုင်းက နှုတ်ထွက်မယ်ဆိုတဲ့စိတ်ဓာတ်ကတော့ အားလုံးသူမှာရှိနေကြပါပြီ“ဟု ၎င်းကပြောသည်။

လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး နုတ်ထွက်စာတင်ထားမှုနှင့်ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ရာတွင် ယင်းကိစ္စကိုမသိရှိရသေးဟု တုန့်ပြန်သည်။ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် မောင်တောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ သို့ရာတွင် ၂၀၂၁ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်လျက်ရှိပြီး ဇူလိုင် ၁၈ ရက်နေ့ကလည်း မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၁၄ ဦး အဖမ်းခံခဲ့ရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...