သွေးချောင်းစီးခဲ့ရသည့် သြဂုတ် ၁၃ ဆန်ပြဿနာနေ့အခမ်းအနား ယခုနှစ် စစ်တွေတွင် ကျင်းပနိုင်မည်မဟုတ်ဟုဆို

သွေးချောင်းစီးခဲ့ရသည့် သြဂုတ် ၁၃ ဆန်ပြဿနာနေ့အခမ်းအနား ယခုနှစ် စစ်တွေတွင် ကျင်းပနိုင်မည်မဟုတ်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လာမည့်သြဂုတ်လ ၁၃ ရက်တွင်ကျရောက်မည့် ၅၅ နှစ်မြောက် ဆန်ပြဿနာနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို ယခုနှစ်တွင်ကျင်းပနိုင်မည်မဟုတ်ဟု ယခင်နှစ်က ဦးဆောင်သူများက ပြောသည်။

စစ်တွေဆန်ပြဿနာနေ့အောက်မေ့ဖွယ်အခမ်းအနားကို ယခင်နှစ်များက ရခိုင်အမျိုးသားပါတီ(ANP)က ဦးဆောင်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် စီစဉ်ထားခြင်းမရှိသေးဟု ANP Youth Wing မှ ကိုဆန်းဌေးမောင်က နိရဥ္စရာကိုပြောသည်။

"လောလောဆယ်တော့ လုပ်ဖို့အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့က ဘာမှမစီစဉ်ရသေးဘူး။ ဒီနှစ်အတွက် စီစဉ်ထားတာလည်း မရှိသေးဘူး" ဟု ပြောသည်။

ANP ပါတီသည် ယခင်နှစ်က ဟောပြောပွဲများ၊ ကဗျာရွတ်ပွဲများကို ဦးဆောင်ပြုလုပ်ခဲ့သလို ဆင်းရဲနွမ်းပါးသူများကိုလည်း ဆန်လှူဒါန်းခြင်းတို့ကိုပြုလုပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်တွင် ယခုလတ်တလော နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများ၊ ရာသီဥတုအခြေအနေဆိုးရွာနေမှုများအပြင် ငွေရေးကြေးရေးအခက်အခဲများနှင့် အမျိုးမျိုးသော အကြောင်းတို့ကြောင့် ဆန်ပြဿနာအရေးအခင်းနေ့၌ ကျဆုံးသွားသည့် ရဲဖော်တို့အား လွမ်းဆွတ်တမ်းတသည့်အခမ်းအနားပွဲကို မကျင်းပနိုင်ခြင်းဖြစ်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။



ဆန်ပြဿနာနေ့ဖြစ်ပွားသည့်နေ့တွင် ဆန္ဒပြလူအုပ်အား အာဏာပိုင်များက ဟန့်တားနေသည်ကိုတွေ့ရစဉ်။ Photos - Internet

"ဆန်အရေးတော်ပုံနေ့အခမ်းအနားလုပ်ဖို့အစီအစဉ်မရှိပါဘူး။ လုပ်ရင်လည်း ကျွန်တော်က ဖြစ်ကတတ်ဆန်းမလုပ်ချင်ဘူး။ စနစ်တကျနဲ့ ကိုယ့်တစ်ဖွဲ့တည်းမဟုတ်ရင်တောင် တစ်ခြားအဖွဲ့တွေနဲ့ပူးပေါင်းပြီးလုပ်ချင်တဲ့ဆန္ဒတွေကြောင့်လည်း မလုပ်ဖြစ်သေးတာ" ဟု ပြောသည်။

စစ်တွေဆန်ပြဿနာနေ့သည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်က ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မဆလအစိုးရအနေဖြင့် ရခိုင်ပြည်မှထွက်သည့်ဆန်စပါးများကို နိုင်ငံခြားသို့ရောင်းချပြီး ပြည်သူများကိုထုတ်မရောင်းချသည့်အတွက် ရခိုင်ပြည်တွင် ဆန်စပါးရှားပါးပြီး ပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု သိရသည်။

ယင်းအငတ်ဘေးကိုဖြေရှင်းပေးရန်နှင့် နိုင်ငံခြားသို့တင်ပို့မည့်ဆန်စပါးများကို ပြည်သူများအားထုတ်ရောင်းပေးရန် ယင်းနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် စစ်တွေမြို့ပေါ်၌ လူပေါင်း သောင်းနှင့်ချီ ဆန္ဒပြတောင်းဆိုမှုကြီးတစ်ခုပေါ်ပေါက်ခဲ့သည်ဟု ပါဝင်ခဲ့သူများက ပြောသည်။

ဆန္ဒပြတောင်းဆိုသူများကို အာဏာပိုင်များက ဆန် ထုတ်မပေးသည့်အပြင် သေနတ်များဖြင့်ပစ်ဖောက်လူစုခွဲဖြေရှင်းရာမှ ဆန္ဒပြပွဲတွင်ပါဝင်သူ လူပေါင်း ၂ဝဝ မှ ၃ဝဝ ကြား ပစ်သတ်ခံခဲ့ရသည်ဟု ဆန္ဒပြတောင်းဆိုရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မျက်မြင်တစ်ဦးဖြစ်သူ စာရေးဆရာ ဗဂျီးကျော် (စစ်တွေ)က နိရဥ္စရာကိုပြောသည်။

“စစ်တပ်ဖက်ကပစ်ခတ်တာကြောင့် ဆန္ဒပြသူတွေဟာ ဆန်စက်အနီးနားက ဆတ်ရိုးကျချောင်းကိုဖြတ်ပြီး ကမ်းတစ်ဖက်ကို ထွက်ပြေးဖို့ ရေထဲခုန်ဆင်းကြတယ်။ စစ်သားတွေကလည်း ချောင်းတွင်းကူးခတ်နေသူတွေကိုပါ အလွတ်မပေးဘဲ စိတ်ရှိလက်ရှိပစ်ခတ်ခဲ့မှုကြောင့် ဆတ်ရိုးကျချောင်းရေဟာ သွေးရဲရဲနဲ့ သွေးချောင်းဖြစ်ခဲ့ရတယ်” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း ၁၇ ဦးသာ သေဆုံးခဲ့သည်ဟု အစိုးရက ယင်းအချိန်က သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၁၃ ရက်သည် ထမင်းငတ်နေသည့် ရခိုင်လူထုကို ဆန်အစား ကျည်ဆံများပေးခဲ့သည့်အတွက် စစ်အာဏာရှင်စနစ်၏ ဆိုးမွေသင်္ကေတတစ်ရပ်ဖြစ်သည်ဟုလည်း ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့ကြသူများက ပြောဆိုလျက်ရှိနေကြသည်။

ဆန်ရရှိရေးတောင်းဆိုရင်း လူအများအပြားသေဆုံးခဲ့ရသည့် ယင်းနေ့ကို စစ်တွေဆန်ပြဿနေ့အဖြစ် သတ်မှတ်ပြီး ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားများကိုလည်း နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာရှိ ရခိုင်လူမျိုးများရှိသည့်နေရာများတွင် ကျင်းပတတ်ကြသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...