CDM ပြုလုပ်ထားသည့် ကျောင်းဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များကို ပေးပို့ရန် ရဲစခန်းတောင်း

CDM ပြုလုပ်ထားသည့် ကျောင်းဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များကို ပေးပို့ရန် ရဲစခန်းတောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်ရှိ ရွာသားများစုပေါင်းဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထကျောင်းများ တွင် စာသင်ပေးနေသည့် CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှုလုပ်ထားသူ) ဆရာ၊ ဆရာမများ၏ ကိုယ်ရေး အချက်အလက်ကို ပို့ပေးရန် ရဲစခန်းက ဖုန်းဆက်တောင်းခံခဲ့ကြောင်း ကျောင်းဆရာ၊ ဆရာမများထံမှ သိရှိရသည်။

CDM ပြုလုပ်ထားသည့် ကျောင်းဆရာ၊ ဆရာမများ၏ အမည်၊ မိဘအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံ ပါတ်နှင့် ဖုန်းနံပါတ်များကို ပို့ပေးရန် ဩဂုတ်လ ၅ ရက်နေ့၊ နေ့လည်တွင် ပိုင်ကျုံမြို့ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကျောင်းဆရာ၊ ဆရာမများထံ ဖုန်းဆက်တောင်းခံလာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကျောင်း ဆရာမတစ်ဦးက ယခုလို ပြောသည်။

“ အထက်က တောင်းခိုင်းတာလို့ ပြောတယ်။ ဒီကျောင်းက အစိုးရကျောင်းလည်းမဟုတ်ဘူး။ တကယ်လို့ အဲ့အချက်အလက်လိုချင်တယ်ဆိုရင် သူတို့က ပညာရေးမှူးရုံး မဟုတ်ရင် တာဝန်ခံ ဆရာဆရာမဆီ ကနေအကြောင်းကြားပြီး မေးလို့ရတာပဲ။ ခုလို ပညာရေးဝန်ထမ်းအကြောင်းကို ပညာရေးနယ်ပယ်မှာရှိနေ တဲ့သူက မမေးဘဲ ရဲတွေလာမေးတာတော့ ဘာမှဆက်စပ်မှုမရှိဘူး။” ဟု ၎င်းက ပြောသည်။

CDM ဆရာ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များကို ဗဟိုမှတောင်းခိုင်းသည့်အတွက် တာဝန်အရ ဖုန်းဆက်တောင်းယူပေးနေရခြင်းဖြစ်သည်ဟု ထိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ပြောသည်ဟု အဆိုပါ ကျောင်းဆရာမက ဆက်ပြောသည်။

ယခုကိစ္စအပေါ် ကျောင်းသားမိဘတစ်ဦးက “အကြံတစ်ခုခုတော့ရှိမယ်ထင်တယ်။ အကြံမရှိရင်တော့ သူတို့ ဒီလိုမျိုးမဆက်ဘူး။ အမှန်ဆိုရင်တော့အခုလိုအချိန်မှာ ဆရာဆရာမတွေရဲ့ ဖုန်းနံပါတ်ကို ပေးလို့မသင့်ဘူးလေ။ အုပ်ချုပ်ရေးမှူးအနေနဲ့လည်း ရွာသားဘက်မှာ ရှိနေရမှာ။ ခုနေတဲ့ နေရာမှာလည်း ပညာရေးအပိုင်းမှာ တာဝန်ယူထားတဲ့ သူတွေရှိတယ် ။ သူတို့ဆီကို ဖုန်းဆက်ပေါ့။”ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ရက်နေ့ကလည်း ပိုင်ကျုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ထိုဒေသရှိ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး NoN CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ များကို အဆိုပါကျောင်းတွင် စာပြန်လာသင်ပေးစေလိုကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်ကျုံမြို့နယ်အတွင်း စာသင်ကျောင်းတော်တော်များများသည် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိ၍ ကျောင်းသားမိဘများက ၎င်းတို့၏ကလေးများ စာမတတ်မည်ကို စိုးရိမ်သောကြောင့် ကျေးရွာရှိ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများတိုင်ပင်ကာ ကိုယ်ထူကိုယ်ထကျောင်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုကိုယ်ထူကိုယ်ထကျောင်းတွင် ကျေးရွာနေလူငယ်အများစုက ကျောင်းသားကျောင်းသူများကို ပညာသင်ကြားပေးနေကြရပြီး လိုအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကို ဝယ်ယူရာတွင်လည်း ပေါ်ပေါ်တင်တင် မဝယ်ယူရဲကြဘဲ အချိတ်အဆက်ဖြင့် ထပ်ဆင့်မှာယူ၍ ဝယ်ပေးခဲ့ရသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...