မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်ဒေသခံ ၄ ဦးနှင့် အဆက်အသွယ်ပြတ်နေ

မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်ဒေသခံ ၄ ဦးနှင့် အဆက်အသွယ်ပြတ်နေ
မြန်မာစစ်တပ်က ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးထားသည့် စစ်ဘေးရှောင် ဦးကျော်ဟိန်းကိုတွေ့ရစဉ်။ ဓာတ်ပုံ-CJ
မြန်မာစစ်တပ်က ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးထားသည့် စစ်ဘေးရှောင် ဦးကျော်ဟိန်းကိုတွေ့ရစဉ်။ ဓာတ်ပုံ-CJ

မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်မြို့နယ်မှ ဒေသခံ ၄ ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေကြသည်။

ကျောက်တော်မြို့နယ်တွင် ဇူလိုင်လနှင့် သြဂုတ်လအစောပိုင်းတို့တွင် ဖမ်းဆီးခံခဲ့ရသူများထဲတွင် စစ်ဘေးရှောင်တစ်ဦးလည်းပါဝင်နေသည်။

ကျောက်တော်မြို့ပေါ် ကဝိရတနာစစ်ဘေးရှောင်စခန်းမှ တိုင်းရင်းဆေးဆရာ ဦးကျော်ဟိန်းကို ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားသည်။ မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ လူနာတစ်ဦးအား ဆေးကုသ၍ပြန်လာစဉ် လမ်းတွင်ဖမ်းဆီးခံရခြင်းဟု ဇနီးဖြစ်သူ ဒေါ်မအေးသန်းကပြောသည်။

“သူနဲ့ အဆက်အသွယ်လုံးဝမရဘူး။ ဘယ်နေရာမှာရှိတယ်ဆိုတာလည်း မသိရဘူး။ ဘယ်နေရာမှာရှိလဲ၊ ဘယ်ကိုခေါ်သွားလဲဆိုတာ သိချင်ပါတယ်။ အခုက သေသွားလားဆိုတာလည်း မသိရဘူး။ အိမ်ရှင်(လင်ယောက်ျား)တစ်ယောက်ကို ဖမ်းသွားတယ်ဆိုတာတော့ စိုးရိမ်မှုရှိတာပေါ့။ ကျွန်မမှာ သား၊သမီးလည်း ၄ ယောက်ရှိတယ်။ ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာတောင် မသိတော့ဘူး”ဟု ၎င်းကဆိုသည်။

ဦးကျော်ဟိန်းမှာ တိုင်းရင်းဆေးကုသခြင်း၊ ဆိုင်ကယ်ကယ်ရီဆွဲခြင်း စသည့်အလုပ်တို့ကိုလုပ်ကိုင်ကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ ရွာဟောင်းရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် ဦးမောင်စောသာနှင့် အခြားကျေးရွာသား နှစ်ဦးကိုလည်း သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ်ကဖမ်းဆီးသွားရာ လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

“ဒီနေ့အထိ အဆက်အသွယ်မရသေးပါဘူး။ ဘယ်နေရာကို ခေါ်သွားမှန်းလည်းမသိဘူး။ ကျောက်တော်ကို သွားပြီးတော့လည်း စုံစမ်းတယ်။ ဒါပေမဲ့ အဆက်အသွယ်မရဘူး။ သူက ကယ်ရီဆွဲနေတာပါ။ ဘာဖြစ်လို့ဖမ်းသွားလည်းဆိုတာလည်း မသိဘူး။ ဘာမှအပြစ်လုပ်ထားတာလည်း မရှိဘူး။ ဇနီးတစ်ယောက်အနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု ဦးမောင်စောသာ၏ ဇနီး ဒေါ်မအေးခင်က DMG သို့ပြော သည်။

ဖမ်းဆီးခံရသည့် ဦးမောင်စောသာမှာ နှစ်ဘီးဆိုင်ကယ်(ကယ်ရီ)မောင်းနေသူဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၁၁ နာရီကျော်ခန့်က ခရီးသည်နှစ်ဦးအား မဟာမြတ်မုနိဘုရားသို့သွားပို့စဉ် ဘုရားတွင် တပ်စွဲနေထိုင်ကြသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မွန်းလွဲ ၁၂ ကျော်အချိန်တွင် ယင်းသုံးဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဦးမောင်စောသာမှာ ကျေးရွာအတွင်း ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူဖြစ်ပြီး ပရဟိတလုပ်ကိုင်နေသူလည်းဖြစ်ကြောင်း သရက်တပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်ကပြောသည်။

“သူက ရွာမှာလူကောင်းပါ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာ။ ရွာမှာ အလှူပွဲတွေရှိတယ်ဆိုရင်လည်း ဝိုင်းဝန်းပြီးတော့ ဦးဆောင်ပြီးလုပ်တာ။ နောက်ထပ်နှစ်ယောက်ကတော့ ကျွန်တော်တို့ရွာကတော့ မဟုတ်ဘူး။ ဘယ်နေရာကလဲဆိုတာတော့ ကျွန်တော်လည်းမသိသေးဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

အလားတူ ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့ကလည်း ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ ကိုဇော်မိုးထက်တို့ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...