ဖက်ဒရယ်စကားလုံးကို စစ်ကောင်စီက ယာယီသုံးနှုန်းနေခြင်းဟု နိုင်ငံရေးအကဲခတ်တို့ပြော

ဖက်ဒရယ်စကားလုံးကို စစ်ကောင်စီက ယာယီသုံးနှုန်းနေခြင်းဟု နိုင်ငံရေးအကဲခတ်တို့ပြော

စစ်ကောင်စီက တိုင်းရင်းသားများအခွင့်အရေး၊ တန်းတူရေး၊ ဖက်ဒရယ်အခွင့်အရေးများနှင့်ပတ်သက်၍ လိုက်လျော့မည့်သေဘာထားမရှိဘဲ ယာယီအားဖြင့် နိုင်ငံရေးအရစည်းရုံးနိုင်ရန်အတွက် သုံးနှုန်းခြင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ရှုမြင်ကြသည်။

ဖက်ဒရယ်ဆိုသည်စကားလုံးကို ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြသည့် စစ်အာဏာရှင်များက သုံးနှုန်းခဲ့ခြင်းမရှိဘဲ ဦးသိန်းစိန်အစိုးရလက်ထပ်မှ အဆိုပါစကားလုံးနှင့် တိုင်းရင်းသားများကို အသုံးချရန် သုံးစွဲလာခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကဆိုသည်။

"အဲဒီစကားလုံး(ဖက်ဒရယ်)ကို အသုံးမချရင် တိုင်းရင်းသားတွေနဲ့ ဘယ်လိုမှ စေ့စပ်ညှိနှိုင်းလို့ရမှာမဟုတ်လို့ သုံးခဲ့တာ။ အခုစစ်ကောင်စီကလည်း ဒီစကားလုံးကို ဆက်ပြီးသုံးစွဲလာတယ်။ စစ်ကောင်စီ အင်အားကြီးလာတာနဲ့အမျှ တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်လို့ လျော့ချလာမှာ။ အခုအင်အားနည်းပြီး အဘက်ဘက်က အကျပ်အတည်းဆိုက်နေလို့ ငြိမ်းချမ်းရေးစကားတွေ၊ ဖက်ဒရယ်အခွင့်အရေး စတာတွေကိုပြောဆိုနေတာပဲဖြစ်တယ်"ဟု ဦးသန်းစိုးနိုင်ကပြောသည်။

ဒီမိုကရေစီစနစ်လျှောက်လှမ်းရာတွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏အခွင့်အရေးများကို ဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

"ဒီမိုကရေစီစနစ်မှာ လွှတ်တော်က တွေးခေါ်ပြောဆိုပိုင်ခွင့် လုပ်ပိုင်ခွင့်တွေနဲ့ လိုအပ်ချက်တွေကို ပြောဆိုနိုင်ပေမယ့်လည်း ဥပဒေနဲ့အညီ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့သာ ဆွေးနွေးဆောင်ရွက်ရမယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၄ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့်တွေ့ဆုံစဉ် တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

စစ်ကောင်စီက ပြောဆိုနေမှုများသည် ရွေးကောက်ပွဲကို အောင်မြင်လိုသည့်အပြင် စစ်ရေးအရဖြေရှင်းမည်ဆိုလျှင်လည်း အခက်အခဲရှိလာသည့်အတွက် ထိုသို့နိုင်ငံရေးစကား ပြောဆိုလာခြင်းဖြစ်သည်ဟု ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ရှုမြင်သည်။

"သာမာန် ပါတီနိုင်ငံရေးလောက်ကို သူတို့(စစ်ကောင်စီ)က ထည့်စဉ်းစားတာမဟုတ်ဘူး။ ပါတီနိုင်ငံရေးတွေက လွှတ်တော်နိုင်ငံရေးအောက်မှာပဲ မြုပ်သွားမှာ။ လွှတ်တော်ထဲမှာဆိုရင်လည်း (စစ်တပ်) အင်အားများတယ်။ အခု PR စနစ်နဲ့လုပ်မယ်ဆိုရင်လည်း စစ်တပ်ကပဲ အစိုးရဖြစ်ဖို့များတယ်။ စစ်တပ်အောက်မှာ သူတို့ပေးသမျှပဲရမှာ။ တိုင်းရင်းသားတွေလိုချင်တဲ့ အခွင့်အရေးရမှာမဟုတ်ဘူး"ဟု ဦးဖေသန်းကပြောသည်။

ယင်းအပြင် စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမည့်အနေအထား မရှိသည့်အတွက် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် သွား၍မရရှိနိုင်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် မိမိအင်အားကိုတည်ဆောက်ပြီး တိုက်ရိုက်တွေ့ဆုံပြောဆိုနိုင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဦးဖေသန်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည်မှာ တစ်နှစ်ခွဲအထိကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက တိုင်းရင်းသားများအခွင့်အရေး၊ ငြိမ်းချမ်းရေး စသည့်စကားသံများ ထွက်ပေါ်လာခဲ့သည်။

တိုင်းရင်းသားဒေသများကို အခွင့်အရေးပေးအပ်နိုင်ရန် အဖြေရှိပြီး တိုင်းရင်းသားအခွင့်အရေးများ၊ နစ်နာမှုများကို တရားဝင်နိုင်ငံရေးစင်မြင့်မှာ ပြောဆိုခွင့်ရှိလာရမည်ဖြစ်ကာ ထိုအချက်များကိုရရှိနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သာဖြစ်သည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့တွင်လည်း ပြောဆိုခဲ့သည်။

သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့် ဦးရဲထွန်းက "တိုင်းရင်းသားတွေကလည်း အမျိုးမျိုးကွဲနေတယ်။ လူဦးရေအများစုကလည်း လူမျိုးကြီးတွေဖြစ်နေတဲ့တိုင်းပြည်မှာ ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ပိတ်ပင်တာမျိုးဖြစ်နေမယ်ဆိုရင် လွှတ်တော်ထဲမှာ တောင်းဆိုတဲ့အချက်တွေက အကောင်အထည်ပေါ်လာဖို့ မလွယ်ဘူး"ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် ပြည်တွင်းဆူပူမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျပ်တည်းမှုများနှင့် လက်နက်ကိုင်တော်လှန်မှုများ စသည့်အဘက်ဘက်မှ အကျပ်အတည်းဆိုက်ရောက်နေသည့်အတွက် စစ်ကောင်စီက တိုင်းရင်းသားများကို နည်းမျိုးစုံနှင့်စည်းရုံးနေကြောင်း နိုင်ငံရေးအကဲခက်သူတို့က ပြောဆိုထားကြသည်။

Most read this week

April 18, 2024
ရခိုင်ပြည်အတွင်း တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) ထံမှ စစ်ရေးအတွေ့အကြုံများရယူပြီး မိမိတို့...
ဓာတ်ပုံ - CINCDS
April 18, 2024
စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြုကာ ယနေ့ (ဧပြီ ၁၅ ရက်) နံနက် ၁၂ နာရီကျော်အချိန်က ရခိုင်ပြည်၊...
April 18, 2024
အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းလုံးတွင် ပြည်သူနေအိမ်ပေါင်း ၈၃,၇၄၆ လုံးကို...
ဓာတ်ပုံ - CNICDS
April 18, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက ၆ ရက်ဆက်တိုက် လက်နက်ကြီးများနှင့်...