မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ဒေသခံတွေ အခက်ကြုံနေရ

မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ဒေသခံတွေ အခက်ကြုံနေရ

မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် သွားရေးလာရေး အပြင် မိသားစု စားဝတ်ရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ကျိုက်ထို၊ ဘီးလင်းနဲ့ ရေးမြို့နယ်တွေမှာ အမျိုးသား (၂)ဦး အတူ ဆိုင်ကယ် စီးနင်းရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူသွားတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လိုက်လံကြေညာထားတာပါ။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် သွားရေးလာရေးအပြင် ကျန်းမာရေး ကိစ္စတွေက အစ အခက်အခဲ ရှိလာပြီး စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ ဘီးလင်းဒေသခံ တစ်ဦးက ပြောပါတယ်။

“အခက်အခဲ တော်တော် ဖြစ်တယ်၊ လူ(၂)ယောက် မတင်ရဘူးဆိုတော့ ကိုယ်တွေ ဆိုင်ကယ်သမား အနေနဲ့ကတော့ စီးပွားရေး ကြပ်တည်းတာပေါ့၊ ဘယ်လို ကြောင့်ဆိုတော့ မိန်းကလေးဘဲ တင်ရတယ် ယောကျာ်းလေး မတင်ရဘူးဆိုတော့ သွားသွားလာလာ အကုန်လုံး အခက်အခဲ ရှိတာပေါ့၊ ထက်ဝက်လောက် လျော့သွားတာပေါ့၊ အရင်တုန်းက ဆိုရင် ပိုက်ဆံ (၁)သောင်း (၁)သောင်းခွဲလောက် ရနေတဲ့ နေရာမှာ အခုဆိုရင် (၃) (၄)ထောင်တောင်မှ မနည်း ရှာနေရတာပေါ့၊ ဆီးဖိုးတွေ ဖယ်ရင် သိပ်မကျန်တော့ ဘူးပေါ့ဗျာ၊ လောလောဆယ် ရေးမှာတော့ ခြောက်ကပ် သွားတာပေါ့ဗျာ၊ ကိုယ်ကလည်း Taxiဆွဲလည်း ဆွဲတာပေါ့ဗျာ၊ တော်တော်လေးကို သတိထားပြီး ဆွဲနေရတာပေါ့၊ ဘာလို့ဆို ကိုယ်ကတော့ ကြောက်နေရတာပေါ့ဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏ တိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီးနင်းခွင့်ကို ကန့်သတ်လာတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ရေးမြို့နယ်ဆိုရင် စစ်ကောင်စီက သူတို့ဌာနဆိုင်ရာရုံး အနီးတဝိုက်နဲ့ တချို့လမ်းတွေကိုပါ ဖြတ်သန်း သွားလာခွင့် ကန့်သတ်ထားတာပါ။

ရေးမြို့က ဆိုင်ကယ် Taxi သမား တစ်ဦးကလည်း စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ဆိုင်ကယ် Taxi ဆွဲရာမှာ အခက်အခဲ ရှိလာပြီး စားဝတ်နေရေးအတွက် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“ယောကျာ်းလေး (၂)ယောက် မစီးရဆိုတဲ့ အမိန့် ထုတ်တဲ့အတွက် အိမ်တအိမ်ထဲမှာ ယောကျာ်းလေး (၂)ယောက် ရှိပြီး တစ်ယောက်က ကျန်းမာရေး မကောင်းဘူးဆိုရင် ဘယ်လို သွားမလည်း ဆေးခန်းတွေ ဘာတွေ တကယ်ကို အခက်အခဲတွေ ရှိလာမယ်၊ နောက်ဒီ Taxiတွေပေါ့ Taxi တွေက ယောကျာ်းလေးတွေပဲ မောင်းကြတာ ဆိုတော့ Taxiသမားတွေ အတွက် စားဝတ်နေရေး တွေလည်း အများကြီး ထိခိုက်လာမယ် သူတို့ မိသားစုတွေလည်း စားဝတ်နေရေး ထိခိုက်လာမယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ပြည်သူတွေမှာ သွားရေးလာရေးအတွက် အခက်ကြုံနေရသလို လုပ်ငန်းခွင် သွားလာရာမှာလည်း  ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ညမထွက်ရအမိန့်ကိုလည်း ည ၈ နာရီကနေ နံနက် ၄ နာရီအထိ သတ်မှတ်ထားသလို လုံခြုံရေးတွေ တင်းကြပ်ထားတာ ဖြစ်ပါတယ်။

April 25, 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း...
April 25, 2024
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို...
April 25, 2024
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က...
April 24, 2024
မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ သောက်သုံးရေ လုံလောက်အောင်မပေးတာကြောင့်...