ဒီပဲယင်းနယ် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ဒီပဲယင်းနယ် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ဒီပဲယင်းတွင် ဩဂုတ်လ ၄ ရက်နေ့မှစကာ စစ်ကောင်စီ၏ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်မူ၊ နေအိမ်မီးရှို့မှုတို့ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၅၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။

“စစ်ရှောင်တွေအနေနဲ့ ဘာပစ္စည်းမှ မယူလာနိုင်ခဲ့ဘူး ဘာလို့ဆို မြေပြင်ရောဝေဟင်ကပါ ရုတ်တရက် စစ်ကြောင်းထိုးလာတာကို အဲ့တော့ ပိုင်ဆိုင်တဲ့ ရွှေငွေကအစ ယူချိန်မရလိုက်ကြဘူး။ လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကလိုအပ်တာက စားနပ်ရိက္ခာပါ” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၄ ရက်နေ့မှ စတင်ပြီး အင်ပင်‌ကျေးရွာတွင် စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်နေ့ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကိုင်းကံရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ အချို့နေအိမ်များလည်း မွှေနှောက်ဖျက်ဆီးခြင်းခံထားရကြောင်း သိရသည်။

လက်ရှိ ဒီပဲယင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ အင်ပြင်၊ ယဒင်၊ ဆည်ကြီးတော်၊ ပျံကျ၊ နှမ်းပဲလှ၊ လျှော်ဖြူ၊ မန်ကျည်းအုပ်၊ မကျီးဆောက်၊ ကိုင်းကံ၊ ထန်းတပင်၊ နဂါးဘိုရွာအပါအဝင် စုစုပေါင်း ကျေးရွာ ၂၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် စစ်ဘေးရှောင်ဦးရေ ယခုထက်ပိုများလာနိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့တောင်ဘက်ပိုင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးစဉ် ကိုင်းကံရွာကို မီးရှို့ခဲ့သည့်အပြင် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ဒေသခံ ၈ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၀ ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

“ဒီနေ့အထိ ကျနော်တို့ကူညီရေးအဖွဲ့အနေနဲ့ စာရင်းကောက်ယူမူအရ သေဆုံးသတ်ဖြတ်ခံရတာ၈ဦးရှိပြီဗျ။ ကိုင်းကံရွာမီးရှို့ထားတဲ့အိမ်တွေထဲ နေ၄လောင်း ရေဆိုးမြောင်းထဲကနေ၂လောင်း ကိုင်းကံရွာအနီးက လျှော်ဖြူရွာက ၁ဦးအသတ်ခံရတယ်၊အင်ပြင်ကြီးက၁ဦးအသတ်ခံရတယ်ဗျ လူသားဒိုင်းအနေနဲ့ ကိုင်းကံအနီးကရွာတွေက ပြည်သူ၄၀လည်းဖမ်းဆီးခံခဲ့ရပါတယ် အခုထိအဆက်အသွယ်မရသေးပါဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်ပေါင်း ၇၀၀ ကျော်မီးရှို့ခံခဲ့ရပြီး ကိုင်းကံရွာမီးရှို့ခံရမူမှာ ဒုတိယအများဆုံး မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

ကိုင်းကံကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဒီပဲယင်းမြို့အရှေ့တောင်ဘက်ပိုင်းတွင်တည်ရှိကာ ဒီပဲယင်းမြို့မှ ဆိုင်ကယ်ဖြင့် သွားလျှင် နာရီဝက်ခန့် ခရီးရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူများအနေဖြင့် ဒီပဲယင်းမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့လိုလျှင် ဒီပဲယင်းမြို့နယ်ညီနောင်များ ဖေ့စ်ဘုတ်ပေ့ချ်မှ ဖြစ်စေ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး ဖေ့ဘုတ်စ်ပေ့ချ်မှဖြစ်စေ ပါဝင်ကူညီနိုင်ကြောင်း စစ်ရှောင်ကူညီနေသူများကပြောသည်။

April 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄...
April 18, 2024
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ ကချင်ပြည်နယ်...
April 18, 2024
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်တဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး...
April 9, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီးတဲ့ လွယ်ဂျယ်မြို့မှာနောက်ဆုံးကျန်ရှိနေတဲ့...