ဒေသခံတွေ တစ်နှစ်ကြာသိုလှောင်သိမ်းဆည်းထားတဲ့ စပါးမှိုတက်တာကြောင့် ပျက်စီးမှုတချို့ရှိ

ဒေသခံတွေ တစ်နှစ်ကြာသိုလှောင်သိမ်းဆည်းထားတဲ့ စပါးမှိုတက်တာကြောင့် ပျက်စီးမှုတချို့ရှိ

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ဒေသခံတွေ ပြီးခဲ့တဲ့နှစ်ကတည်းက တောတောင်ထဲ သိုလှောင်သိမ်းဆည်းထားတဲ့ စပါးတွေကို ကြွက်စားတာ၊ မိုးရေစိုတာ၊ မှိုတက်တာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒေသတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာထဲလက်နက်ကြီးကျရောက်မှုတွေ စစ်ကြောင်းထိုးမှုတွေရှိတာကြောင့် ဒေသခံတွေဟာ ၎င်းတို့သိုလှောင်ထားတဲ့ စပါးတွေ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးမှာကို စိုးရိမ်တဲ့အတွက် တောတောင်ထဲ သွားရောက်ဖွက်ထားပြီး သိမ်းဆည်းခဲ့ကြတာပါ။

“ အဓိက အကြောင်းအရင်းက လက်ရှိအာဏာသိမ်းလိုက်တော့ ကျနော်တို့ ကြောက်တယ်။ ခဏနေ ကျနော်တို့ ကျေးရွာအထိရောက်လာမယ်။ ကျနော်တို့ရွာ ကျနော်တို့ စပါးကျီတွေကို မီးရှို့သွားမှာစိုးလို့ ကျနော်စိတ်ပူတဲ့အတွက် ကျနော်တို့ တောတောင်ထဲမှာ စပါးတွေသွားထားတယ်။ အဲ့ဒီလိုမျိုးပေါ့နော။ ကျနော်တို့ တောတောင်ထဲသွားထားတော့ ပျက်စီးသွားတာတွေ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကြွက်စားတာကတစ်မျိုး၊ ကျနော်တို့ မိုးကာတွေလည်းအဆင်မပြေဘူး။ မိုးကာဝယ်ပြီး သုံးကြည့် သုံးလပဲခံတယ်။ အဲ့ဒီထက်ကျော်သွားရင် ကျွတ်သွားတယ်။ မိုးကာက အဆင်မပြေတော့ဘူး။ ပြဲသွားတယ်။ ကြွက်လည်းကိုက်တယ်။ အဲ့ဒီမှာ နေပူမိုးရွာတော့ တစ်ခါတစ်ခါမိုးအကြီးရွာရင် အကုန်ရေနဲ့ပါ မျောသွားတယ်။ စပါးတွေကို ပါပျက်တယ်။ စပါးတွေက အပင်ပေါက်သွားတာတွေလည်းရှိတယ်။ မှိုတက်တာတွေလည်းရှိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စပါးကို တောတောင်ထဲသိမ်းဆည်းထားတာ တစ်နှစ်ကျော်ရှိနေပြီး ကြားကာလတွေမှာ စပါးကိုစစ်ဆေးကြည့်ရာ သိပ်မသိသာပေမယ့် ကြာလာတော့ ပျက်စီးမှုတွေများပြားလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သိမ်းဆည်းထားတဲ့ စပါးကို ပြန်ယူလာပြီး စားသုံးတာ ရောင်းချတာတွေ ပြုလုပ်နေရပါတယ်။

လက်ရှိမိုးတွင်းကာလ စိုက်ပျိုးရာသီမှာလည်း မိုးပုံမှန်မရွာတာကြောင့် တောင်သူတွေဟာ ၎င်းတို့စားဝတ်နေရေး ဖူလုံနိုင်ဖို့အတွက် စပါးအခြောက်စိုက်ပျိုးနေရပါတယ်။ မိုးရေမရရှိတဲ့အပြင် မြေဩဇာဈေးနှုန်းမြင့်မားနေတာကြောင့် ဝယ်မသုံးနိုင်တဲ့အတွက် စပါးခင်းတွေမှာ ပိုးကျတာတွေ အပင်မသန်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် လက်နက်ကြီး မကြာခဏကျရောက်နေပြီး ဒေသခံတွေဟာ စစ်ရှောင်နေရင်းကြားက စားဝတ်နေရေးအတွက်စပါး စိုက်ပျိုးနေကြရပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို အလှူရှင်ကိုသာ အားကိုးရတဲ့ စစ်ရှောင်စခန်းတွေမှာလည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်များစွာရှိနေဆဲပါ။ စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး တိုက်ပွဲမဖြစ်ပွားတဲ့ကျေးရွာနဲ့ စစ်ရှောင်စခန်းပေါင်း ၂၀၀ကျော်မှာ မှီခိုနေထိုင်ကြတယ်လို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ - crd
April 23, 2024
သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့နဲ့...
April 22, 2024
ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေအသာစီး ရရှိထားနေပြီး တချို့သော မြို့နယ်တွေကို ၂၀၂၃...
April 22, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ တောထဲတစ်နေရာမှာ...
April 22, 2024
ကရင်နီပြည်မှာ ၂၀၂၄ခုနှစ်၊ မတ်လ အတွင်း ‘ဖန်းဆော်’ လို့ အမည်ပေးထားတဲ့ တက္ကသိုလ်ကျောင်းကို...