မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက် လယ်ယာမြေများကို စတင်ပြင်ဆင်နေကြပါပြီ။ နွေရာသီတလျှောက် ရပ်နားထားခဲ့တဲ့ ထွန်စက်များကို ပြန်လည်စစ်ဆေးပြီး လိုအပ်တာတွေကိုလည်း ပြုပြင်နေကြရပါတယ်။
သို့သော် ယခုနှစ် စိုက်ပျိုးရာသီအကြိုကာလမှာတင် လယ်သမားများအတွက် စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ အထူးသဖြင့် စစ်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာခြင်းက လယ်ယာသုံး စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် အဓိကအခက်အခဲတရပ် ဖြစ်လာနေပါတယ်။
“ကျနော်တို့ စက်ပစ္စည်းတွေကို ဒီမှာဝယ်လို့ မရနိုင်တာတွေ ရှိတယ်။ တချို့ပစ္စည်းတွေဆို လမ်းမှာ စစ်ကောင်စီဂိတ်က မိလို့ပါသွားတာတွေ၊ ဘာတခုမှပြန်မရတာတွေ ကြုံခဲ့ဖူးတယ်။ အဓိကတော့ စစ်ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာပြီး ကျနော်တို့လို ပြည်သူတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာတာပေါ့။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ဝပ်ရှော့ဆရာတဦးက ပြောပါတယ်။
သူတို့တွေက ဒီစိန်ခေါ်မှုတခုတည်းကိုပဲ ရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။ ဒါက မိုးဦးကျတဲ့ အချိန်မှာ သူတို့ရဲ့ ဦးဦးဖျားဖျား စိန်ခေါ်မှုလို့ ဆိုရမှာပါ။
ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများရဲ့ သက်ရောက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများလည်း အဆမတန် မြင့်တက်နေပါတယ်။ ပုံမှန်ဝင်ငွေမရှိတဲ့ လယ်သမားများအတွက် ဒါက နောက်ထပ် စိန်ခေါ်မှုတခု ဖြစ်လာပါတယ်။
ဒါကြောင့်လည်း လယ်သမားတချို့က ဒီနှစ်စိုက်ပျိုးရာသီမှာ စိုက်ပျိုးမှုနှုန်းကျဆင်းလာမှာကို စိုးရိမ်နေကြပါတယ်။
“ဒီနှစ်က စိုက်ပျိုးနိုင်မှုနှုန်းကတော့ ကျမယ်ထင်တယ်။ ဓာတ်ဆီ ဒီဇယ်ဆီတွေက အတော်လေးကို မြင့်တက်နေတယ်။ ဒီလို မြင့်တက်နေတဲ့ဆီစျေးနဲ့ ပြန်ရလာတဲ့စပါးစျေးနှုန်းက ဘယ်လိုမှ မကာမိဘူး။ တချို့တွေကတော့ စားဖို့လောက်ပဲ စိုက်ပျိုးကြတော့မယ်” လို့ လယ်သမားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ လယ်ထွန်ယက်ခ ၁ နာရီကို ၆ သောင်းခွဲဝန်းကျင်ပေးရပြီး ဒီနှစ်မှာတော့ ၁ သိန်း ဝန်းကျင်အထိကို ရောက်ရှိနေတာပါ။

ပုံမှန်ဝင်ငွေမရှိတဲ့ လယ်သမားအများစုမှာတော့ ဒီနှစ်ထွက်သီးနှံတွေက ရှေ့လာမယ့် နှစ်အတွက် အရင်းအနှီးအနေနဲ့ ပြန်ပြီး လည်ပတ်နေကြတာပါ။ တချို့တွေမှာတော့ ထွန်ယက်ခတွေကို သီးနှံပေါ်ချိန်မှသာ ပေးဆောင်နိုင်ကြတာပါ။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့နှစ်တွေကနေ ရရှိလာတဲ့စပါးတွေကို ပြန်လည်ရောင်းထွက်နိုင်မှုနှုန်းက နည်းပါးနေပါတယ်။
အဓိက အကြောင်းအရင်းကတော့ စပါးစျေးနှုန်း မရှိသလို ဝယ်သူတွေကလည်း မရှိသလောက်ကို ရှားပါးနေတာပါ။ လမ်းပန်းဆက်သွယ်ရေး ဖြတ်သန်းသွားလာလို့ မရတာကြောင့် အခုလိုစိန်ခေါ်မှုတွေ ရှိနေကြတာပါ။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ ရွှေရင်အေး ၊ ရွှေအပ် ၁ ပိသာကို အများဆုံး ၂ ထောင် ဝန်းကျင်အထိသာ ပေါက်စျေးရှိနေတာပါ။ ဒါပေမယ့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာတော့ ရွှေရင်အေး ၊ ရွှေအပ် ၁ ပိသာကို ၃ ထောင် ဝန်းကျင်အထိ ပေါက်စျေး ရှိနေပါတယ်။
“ဒီမှာက စပါးစျေး မရှိတာထက် ဝယ်လက်ကို မရှိတာ။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေး ပေါ့။ အပြင်ကို လည်း ကျနော် တို့ ပို့လို့ မရဘူး။ ပွဲစားတွေကလည်း လာမဝယ်ပေးနိုင်ဘူး။ တချို့တွေမှာတော့ စပါးတွေ ရောင်းမထွက်သေးလို့ ယခင်နှစ် စက်ခ တွေတောင် မပေးနိုင်သေးတာ ရှိတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ပိုပြီးအဆင်ပြေတဲ့ အနောက်ဘက်ခြမ်းတွေမှာတော့ စပါးစျေးတွေက ဒီမှာထက်အများကြီး ပိုကောင်းသလို ဝယ်လက်တွေလည်း ရှိတယ်။” လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက လယ်ယာမြေလုပ်ကိုင်သူ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
လက်ရှိမှာ မြေဩဇာ ၁ အိတ်ကို ၁ သိန်းခွဲ ဝန်းကျင် ပေါက်စျေးရှိနေသလို ဓာတ်ဆီ၊ ဒီဇယ်ဆီ ၁ လီတာ ကို ၁ သောင်း ကျော်အထိ ရှိနေတဲ့အချိန်မှာ နောက်ထပ် လာမယ့်စိုက်ပျိုးရာသီအတွက် လယ်သမားတွေက စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရတာပါ။
စစ်ပွဲများကြောင့် လွတ်လပ်စွာ သွားလာလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ခက်ခဲလာတဲ့ အချိန်မှာ ဘိုးဘွားပိုင် လယ်ယာမြေများက စစ်ဘေးရှောင်တွေရဲ့ အသက်သွေးကြောတခု ဖြစ်ပါတယ်။
သို့သော် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတဲ့ ကရင်နီပြည်အတွင်းမှာ လယ်ယာလုပ်ကိုင်နေတဲ့ လယ်သမားအများစုက စစ်ကော်မရှင်ရဲ့ ဒရုန်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှုအန္တရာယ်ကိုလည်း အမြဲစိုးရိမ်ပူပန်နေကြရပါတယ်။







