ALP က ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့မှ ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ဦးဖမ်းဆီးခံရ

ALP က ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့မှ ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ဦးဖမ်းဆီးခံရ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) မှ ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်း ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့မှ ရာအိမ်မှူးတစ်ဦး အပါအဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်နှင့် ယူနီဖောင်းဝတ် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီး သွားကြောင်း မျက်မြင်ဒေသခံများက ပြောကြားသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့ ၊ စက်ရုံစုရပ်ကွက်၊ နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူး ဦးဦးဘစော(၅ဝနှစ်) ၊ ဒေါ် မညွန့်စိန်(၅၁နှစ်)နှင့် ကိုကလားချေ (၂၀ နှစ်) တို့ ဖြစ်ကြသည်။

ရာအိမ်မှူး ဦးဦးဘစောမှာ ဩဂတ်လ ၂ ရက်နေ့ ညအချိန်တွင် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး ဒေါ် မညွန့်စိန် နှင့် ကိုကုလားချေ တို့ကို ဩဂတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း စက်ရုံစု ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

"အရင်ဆုံး ဦးဦးဘစောကို ခေါ်သွားကြတာပါ။ ပြီးတော့ တခြားမျက်မြင်တွေကို ခေါ်စစ်တယ် ပြောတယ်။ နောက်နေ့ကျတော့ ရပ်ကွက်ထဲက နောက် ၂ ယောက်ကို ဖမ်းသွားကြတာပါ။ မနေ့က ညနေကလည်း ရပ်ကွက်ထဲမှာ စစ်သားတွေအများကြီးပဲ" ဟု ပြောသည်။

နောက်ထပ်မျက်မြင် သေခံတစ်ဦးက "ဒေါ်မညွန့်စိန်ကို လာဖမ်းတုန်းက လူအင်အားက အနည်းဆုံး ၂၀ ကျော်တယ်။ စစ်တပ်ဝတ်စုံတွေနဲ့ပဲ။ ဒီမတိုင်ခင်လည်း ရပ်ကွက်ထဲက လူတွေကို ခေါ်စစ်တာတွေ ရှိသေးတယ်" ဟု ပြောသည်။

ဩဂုတ်လ(၂) ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄င်းနှင့်အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင် ကိုလည်းဖမ်းဆီးခဲ့ကြောင်း ALP က ယမန်နေ့ သြဂုတ် ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ALP/ALA တပ်ဖွဲ့ဝင်များနှင့် ခမရ(၃၅၄) တပ်ရင်း မှ တပ်ဖွဲဝင်များပူးပေါင်းလျက် ဒေသခံများကိုဖမ်းဆီးသွားကြောင်း  Arakan Princess Media (APM) တွင် သတင်းဖော်ပြထားသည်။

ယခုကဲ့သို့ ဒေသခံများကိုဖမ်းဆီးမှုတွင်  ALP/ALA ပါတီမှ ပါဝင် ပတ်သက်ကြောင်း သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ALP တွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းကို ဆက်သွယ် မေးမြန်းရာ ဒေသခံများဖမ်းဆီးခံရမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြီး  ALP နှင့်  သက်ဆိုင်မှုမရှိကြောင်း နိရဥ္စရာကို ပြောဆိုသည်။

"ဒါက သူတို့ ဆရာပေါ်လင်းကိုဖမ်းသွားတဲ့အခါ ရဲနဲ့စစ်သားတွေက လာကြပါတယ်။ မျက်မြင် သက်သေလူငယ်တွေကို ခေါ်ပြီးစစ်တယ်။ ခေါ်စစ်လို့ မြင်လိုက်တဲ့လူငယ်တွေက ညွှန်ပြလိုက်လို့ ဖမ်းသွားတာဖြစ်မယ်။ စစ်ကောင်စီကခေါ်သွားတာပါ။ ကျနော်တို့ဘက်ကမဟုတ်ပါဘူး။ အခုက ထင်ယောင်ထင်မှားဖြစ်ကြတယ်။ ကျနော်တို့လူတွေကိုယ်တိုင်က စစ်ကောင်စီ ယူနီဖောင်းကို ဝတ်ပြီးဖမ်းတာမျိုးတွေ ဒါကမဟုတ်ပါဘူး။ စစ်တပ်က စစ်ဆေးတဲ့အခါ နီးစပ်တဲ့လူတွေ ဖမ်းသွားတယ်လို့ ကြားပါတယ်"ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ဗိုလ်မှူးကြီးခိုင်ပေါ်လင်းသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး စစ်ကာင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ၎င်းဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်လို့ALP/ALA အနေနှင့်  ရခိုင်အမျိုးသားစည်းလုံး ညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့် ဖြစ်ရပ်ဟုရှုမြင်ပြီး ရခိုင့်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း သူတို့၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...