တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင်ကျောင်းသားများလိုက်ပါလာသည့် စက်လှေတစ်စီးပစ်ခတ်ခံရပြီး ကျောင်းသားနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူ ၃ ဦးကို ပလက်၀သို့ပို့ဆောင်ရ

တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင်ကျောင်းသားများလိုက်ပါလာသည့် စက်လှေတစ်စီးပစ်ခတ်ခံရပြီး ကျောင်းသားနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူ ၃ ဦးကို ပလက်၀သို့ပို့ဆောင်ရ

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်၊ နှမဒါချောင်းတွင် ကျောင်းသားများတင်ဆောင်လာသည့် စက်လှေတစ်စီးသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကျောင်းသား ၂ ဦး သေဆုံး သွားပြီး ဒဏ်ရာရရှိသူ ၃ ဦး ယမန်နေ့  ညနေက ပလက်၀မြို့ ဆေးရုံသို့ ယူဆောင် လာသည်ဟု သိရသည်။

၎င်းစက်လှေသည်  ဩဂုတ် ၂ ရက် ၂ နာရီခန့်တွင် ပလက်၀မြို့နယ် တုံးမ၀ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းဆင်းပြီး  ခုတ်မောင်းလာစဉ် နှမဒါကျေးရွာတွင် စခန်းချထားသည့် စစ်တပ်ကသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် ၅ တန်းကျောင်းသားနှစ်ဦးဖြစ်ကြသည့် မောင်နေမင်းထွန်း နှင့် မောင်အောင်သန်းမြင့် သေဆုံးပြီး ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးနှင့် ကျောင်းအထွေထွေ လုပ်သား တစ်ဦး စုစုပေါင်း ၃ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်ခံရသည့် စက်လှေတွင် ကျောင်းသူ၊ ကျောင်းသားများ ၁၀ ဦးထက် မနည်း လိုက်ပါလာခဲ့ပြီး တိုက်ပွဲကြောင့် ရွာသို့ပြန်ကြစဉ် အပစ်ခံရခြင်း ဖြစ်သည်ဟု သိသည်။  

ကျောင်းသားများ ပစ်ခတ်ခဲ့ရသည့် ပလက်ဝမြို့နယ် နှမဒါချောင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့  ထို့နေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းဘက်ကလည်း လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရရှိသွားသူများဖြစ်ကြသည့် ငါးတန်းကျောင်းသားများဖြစ်သည့် မခင်စီ (၁၄နှစ်)၊ မောင်အောင်လင်းဝင်း (၁၇)နှစ်နှင့် ကျောင်းအထွေထွေဝန်ထမ်း ဦးဗဒူ (၅၄)နှစ်တို့ကို ပလက်၀သို့ ယူဆောင်လာခဲ့ရာ ညနေ ၇ နာရီခန့်တွင် ပလက်၀မြို့ ဆေးရုံသို့ ရောက်ရှိလာပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပလက်၀ ဒေသခံများက ပြောဆိုသည်။

မျက်မြင်တွေ့ခဲ့သည့် ပလက်ဝဒေသခံတစ်ဦးက "ကလေးနှစ်ယောက်နဲ့ ကျောင်းကအထွေထွေ ဝန်ထမ်းတစ်ယောက်ပါတယ်။ နောက်ကလေး နှစ်ယောက်က ခေါင်းမှာကျလို့ တခါတည်း သေသွားတယ်။ ဒီကို လာတာမှာတော့ သေသွားတဲ့ကလေးတွေမပါပါဘူး။ သူတို့ကို  ရွာမှာသဂြိုလ်မယ်လို့ ပြောတယ်။ ဝန်ထမ်းမှာကလက်မှာ ပေါက်သွားတယ်။ နောက်မိန်းကလေးမှာက စိုးရိမ်ရတယ်။ နောက်လူတယောက်မှာလည်း ကျောမှာ ဒဏ်ရာတွေနဲ့" ဟုပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရသေးသလို ရက္ခိုင့်တပ်တော် ( AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိသေးပါ။

ပလက်ဝမြို့ နှမဒါချောင်းအနီးဝန်းကျင်တွင်  ဩဂုတ် ၂ ရက် နံနက်ပိုင်းမှ စတင်ပြီး ညနေ ၃ နာရီခွဲခန့် ကြာအထိ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီ တပ်တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး  မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ အနီးတွင်လည်း နံနက် ၈ နာရီမှ ၁၁ နာရီထိ  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်)

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...