ကော့ကရိတ်မြို့နယ်၊ စုကလိကျေးရွာအုပ်စု ထီးကပလယ်ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှင့် ဆွေမျိုး တော်စပ်သူတစ်ဦးတို့ ဇူလိုင်လ ၃၁ရက်နေ့ ည ၈ နာရီအချိန်ခန့်က အမည်မသိလက်နက်အဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ၎င်းတို့နှင့်တော်စပ်သူများက ပြောသည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ တာဝန်ပေးခန့်အပ်ထားသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ အသက် (၆၀) ကျော်အရွယ် စောကျော်မင်းနှင့် ၎င်း၏ ဆွေမျိုးတော်စပ်သူ အသက် ၇၀ အရွယ် နော်ပယ့်ဖိုးတို့ နှစ်ဦးအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ နေအိမ်၌ လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း အပစ်ခံရသူ စောကျော်မင်း၏ သမီးဖြစ်သူက ယခုလိုပြောသည်။
“မနေ့ည ကျမအမေက ထီးကပလယ်ရွာထဲက အိမ်မှာအမေနဲ့ ယောင်းမနဲ့ သူ့တူလေးနဲ့နေတာ။ အမေက ဖားသွား ရှာစားတယ်။ အဖေက ရေချိုးဖို့ လုပ်နေတာ။ အတူနေတဲ့ တူလေးတစ်ယောက်ကလည်း ဖားသွားရှာစားတယ်။ အဲ့မှာ အမေက သေနတ်သံကြားလို့ ပြန်လာကြည့်တာ အဖေနဲ့ သူ့ယောင်းမနဲ့က အပစ်ခံထားရပြီ။ အဖေက အခြေအနေ အရမ်းဆိုးတော့ မဲဆောက်ဘက်ကို ဆေးရုံပို့ထားရတယ်။ ဖြစ်တာက ည ၈နာရီလောက်က ဖြစ်တာ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လာပစ်ခတ်သွားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အပစ်ခတ်ခံခဲ့ရသူများဘက်မှ မသိရှိကြဘဲ ၎င်း၏ ဖခင်အနေဖြင့် မည်သူမည်ဝါနှင့်ရန်ငြိုးရန်စရှိနေကြောင်းကိုလည်း မသိရှိထားကြောင်း သမီးဖြစ်သူက ဆက်ပြော သည်။
ပစ်ခတ်ခြင်းခံခဲ့ရသည့် စောကျော်မင်းမှာ ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်သောကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက် ဆေးရုံသို့ ပို့ဆောင်ထားရပြီး ဆွေမျိုးတော်စပ်သူ နော်ပယ့်ဖိုးမှာ ဒဏ်ရာမပြင်းထန်သောကြောင့် အုန်းဖန်ဆေးရုံ၌သာ ဆေးကုသမှုပေးထားကြောင်း နီးစပ်သူများက ဆိုသည်။
ထိုသို့ အပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး DKBA ဘက်မှ အပစ်ခံရသည့် သတင်းသာ ကြားသိခဲ့ရပြီး လက်ရှိ အချိန် တွင် ပစ်ခတ်သွားသူကို လိုက်လံစုံစမ်းဖော်ထုတ်နေပြီး အချိန်တန်လျှင် သိရှိရမည်ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗဟို တပ်မဟာမှူး ဗိုလ်မှူးချုပ် စောရွှေဝက ယခုလို ပြောသည်။
“အခုက ဘယ်သူလဲဆိုတာတော့ အတိအကျ မပြောချင်သေးဘူး။ ဒါပေမဲ့ ပစ်သွားတဲ့သူက ကရင်စစ်သားထဲကပဲ ဖြစ်မယ်။ ဘာဖြစ်လဲဆိုတော့ M 16 ကျည်ခွံကို ပြန်ကောက်ယူမသွားနိုင်ဘူး။ အပစ်ခံလိုက်ရတဲ့သူကလည်း သေမှ မသေတာ။ အခုက ဘယ်သူလုပ်တာလဲဆိုတာကိုတော့ လိုက်စုံစမ်းနေတယ်။ အချိန်တန်ရင်တော့ ပေါ်လာမှာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
အပစ်ခံရသူ ကျေးရွာကာကွယ်ရေးခေါင်းဆောင် စောကျော်မင်းသည် ယခင်ကလည်း တစ်ကြိမ် အပစ်ခတ်ခံ ခဲ့ရဖူးပြီး ပစ်ခတ်ခဲ့သူမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းမှဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် စောရွှေဝက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် မေလလတုန်းကလည်း DKBA နယ်မြေထဲရှိ ဥကရစ်ထ ရွာသားတစ်ဦး ပစ်သတ်ခြင်း ခံခဲ့ရသလို ဇွန်လတုန်းကလည်း ၎င်းဥကရစ်ထကျေးရွာမှ သံဃာတော်တစ်ပါး ထပ်မံပစ်သတ်ခြင်းခံခဲ့ရသော်လည်း မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားသည်ကို ယခုအချိန်ထိ မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။







