ကျေးရွာ မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား ရဲနှင့် စစ်တပ်ယူနီဖောင်းများပေး၀တ်ကာ လုံခြုံရေး ကင်းစောင့်ခိုင်း

ကျေးရွာ မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား ရဲနှင့် စစ်တပ်ယူနီဖောင်းများပေး၀တ်ကာ လုံခြုံရေး ကင်းစောင့်ခိုင်း

ဖားအံမြို့တွင် ဇူလိုင်လ ၁၅ရက်နောက်ပိုင်းမှစတင်၍ စစ်ကောင်စီထောက်ခံသည့် မြို့နယ်အတွင်း ကျေးရွာများမှ အမျိုးဘာသာသာသနာ‌စောင့်‌ရှောက်‌ရေးအဖွဲ့-မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်တို့မှ စစ်သင်တန်းတက်ရောက်ပြီး သူ အရပ်သားအချို့အား ရဲနှင့်စစ်တပ်ယူနီဖောင်းများ ၀တ်ဆင်စေ၍ လှိုင်းဘွဲ-ဖားအံလမ်းပိုင်းရှိ စစ်ဆေးရေး ဂိတ်များနှင့် မြို့တွင်းလုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ညဘက်ဧည့်စာရင်းစစ်ဆေးမှုများတွင် စစ်ကောင်စီတပ်များနှင့် တွဲဖက်၍တာ၀န်ချထားခိုင်းစေမှုများလုပ်ဆောင်ရာတွင် ပါ၀င်ရသူများရှိနေကြောင်း ဖားအံဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းက ဖားအံမြို့ အမှတ် ၉ ရပ်ကွက်တွင် ပြုလုပ်သည့် စစ်အာဏာသိမ်း ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များ၏ လုံခြုံရေးတိုးမြှင့်ရေးအတွက် မြို့အ၀င်ဂိတ်များ အင်အားဖြည့်ရန်နှင့် ရပ်ကွက်များ လုံခြုံရေး ပတ်ကင်း၊ ရပ်ကင်း၊ ၀တ်ကင်းများ၊ ဧည့်စာရင်းများစစ်ကြရန်အစည်းအဝေး ပြုလုပ်ပြီးနောက် ယခုလို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု တောင်ကလေးကျေးရွာ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

သူက “တောင်ကလေးဘက်က မဘသတို့၊ ကြံ့ခိုင်ရေးတို့ အမာခံရှိတဲ့ရွာတွေက စစ်သင်တန်းပေးထားသူတွေကို ခေါ်ပြီး ရဲနဲ့တပ်ယူနီဖောင်းနဲ့ လုံခြုံရေးလိုက် နေကြရတွေ့ရတယ်၊ စစ်တပ်နဲ့ ရဲနဲ့တွဲပြီး သူတို့နေ့ဘက်၊ ညဘက် ဂိတ်တွေ အထိုင်စစ်တာ ၊ ရပ်ကွက် ဧည့်စာရင်းစစ်ရာမှာ ပါကြရတယ်။ ရပ်ကွက်တွေ ရွာတွေဘက် လူစိမ်းအ၀င်အထွက် ရှိမရှိတွေ သတင်းပို့ပေးရတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ ထောက်ခံသည့် အရပ်သတင်းပေးများ၊ နယ်ခြားစောင့်တပ်-BGF တပ်နှင့် ရဲတပ်ဖွဲ့တို့၏ စစ်ဆေးဖမ်းဆီးမှုများကြောင့် ဖားအံမြို့နယ် အနီးတစ်ဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများမှာ နေထိုင်သွားလာရေး အခက်တွေ့နေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။

မိဇံကျေးရွာသားတစ်ဦးက “ကျနော်တိုရွာဘက်တွေမှာ ဖားအံ မသွားရဲကြဘူး၊ ဖုန်းစစ်၊ ဆိုင်ကယ်စစ်၊ ငွေညှစ် ၊ အမှုဆင်ဖမ်းပြီး ချုပ်ထားတာတွေ ခံကြရတဲ့ ရွာသားတွေ လူငယ်တွေ ကြုံရခံရဘူးတော့ ရွာအပြင် သိပ်မသွား လိုကြတော့ဘူး၊ ရွာကနေ ဖားအံသွားမယ်ဆို စစ်တပ်၊ BGF၊ ရဲ နဲ့ သတင်းပေးတွေရှိတဲ့ စစ်ဆေးရေး ဂိတ်တွေက ၅ ဂိတ်လောက်ဖြတ်ရတယ်၊ တစ်နေရာ တစ်မျိုးစစ်တာ၊ မေးတာတွေက ခတ်ရိုင်းရိုင်း ဆက်ဆံတယ်၊ ဖုန်းမပါရင်လည်းဆဲတယ်။ ပါရင်လည်း ဖုန်းထဲအကုန်ဖွင့်ပြခိုင်းပြီး သူတို့ စိတ်လိုမှ ပြန်ပေးပြီး ဆက်သွားခိုင်းတာမျိုး ကြုံကြရတယ်”ဟု ပြောသည်။

ဖားအံမြို့ ရပ်ကျေးနယ်ဒေသတွင်း ကရင်လက်နက်ကိုင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် ပူးပေါင်း အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသေးသော်လည်း ကြာအင်ဆိပ်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ မြ၀တီ ၊ သံတောင်မြို့ဘက်တွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။ ထို့အတူ လှိုင်းဘွဲမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဘက်စစ်ရေး တင်းမာမှုများရှိနေကြောင်း နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။

Most read this week

December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...