တနင်္သာရီတိုင်းမှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေ

တနင်္သာရီတိုင်းမှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေ
တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့
တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါများဖြစ်ပွားနေပြီး ကုသရန် ဆေးဝါးများပြတ်လုနီးပါးဖြစ်ပေါ်နေကြောင်း စစ်ရှောင်များကိုကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့်ဇွန်လတတိယအပတ်မှစ၍ ဝမ်းလျော၊ဝမ်းပျက်ရောဂါနှင့် ငှက်ဖျားရောဂါတို့ အဖြစ်များလာသည်ဟု ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက‌ပြောသည်။

“ဝမ်းနဲ့ပတ်သက်တဲ့ရောဂါရယ်၊ ငှက်ဖျားတွေက ပိုဖြစ်လာတာ။ အရင်မိုးရာသီအစတုန်းက သိပ်မဖြစ်သေးဘူး။ ပြီးခဲ့တဲ့လ ဒုတိယနဲ့ တတိယအပတ်လောက်မှာ ပိုများလာတာ။ စခန်းက လူများတော့ ကျပ်တည်းစွာနေရတာတွေလည်းပါတယ်”ဟု အဆိုပါ ကျန်းမာရေးဝန်ထမ်းကပြောသည်။

တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ (၆၀၀၀)ကျော် ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိစခန်းတွင် ငှက်ဖျားနှင့် ဝမ်းရောဂါဖြစ်ပွားသူဦးရေ (၁၀၀)ကျော်အထိရှိလာနေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန်  ဆေးဝါးများ အကူအညီလိုအပ်နေသည်ဟုလည်း သိရသည်။

စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက “ဆေးဝါးတွေ အခုလုံးဝမရှိသလောက်ကို ဖြစ်နေပြီ။ အကူအညီတွေ ‌တောင်းခံထားတာတော့ ရှိပါတယ်။ ခက်နေတာက စစ်ကောင်စီတပ်တွေက ကားလမ်းမတွေကိုပိတ်ပြီး စစ်ဆေးနေတာကြောင့် အကူအညီရဖို့အတော်ခက်နေတယ်”ဟု ဆိုသည်။

စစ်ဘေးရှောင်များအတွက် လိုအပ်သည့်ဆေးဝါးနှင့် စားနပ်ရိက္ခာများအပါအဝင် အမိုးအကာများရရှိရေးမှာ အခက်အခဲဖြစ်နေရသည်ဟုလည်း စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသူများက ‌ပြောဆိုသည်။

“ဆေးဝါးတွေ ရိက္ခာတွေနဲ့ အမိုးအကာတွေကို အချိန်မီရအောင်ပို့ပေးဖို့ ကြိုးစားနေပါတယ်။ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း ရှောင်ရတာရှိတော့ သွားဖို့လာဖို့ ‌တော်တော်လေးကိုခက်ခဲနေတယ်။ ဖြစ်နိုင်မယ့် နည်းလမ်းတွေသုံးပြီးတော့ ပို့ပေးဖို့ စီစဉ်ထားပါတယ်”ဟု စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသူတစ်ဦးကဆိုသည်။

သရက်ချောင်းမြို့နယ်တွင် ပြီးခဲ့သည်ဇူလိုင်လ တတိယအပတ်မှစ၍ စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိနေပြီး KNU တပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့နှင့် စစ်ရေးတင်းမာလျက်ရှိနေသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...