လျှပ်စစ်မီးပြတ်တောက်မှု ယခင်ထက်ပိုများလာ၍ ပြည်သူများအခက်အခဲ ပိုဖြစ်လာနေ

လျှပ်စစ်မီးပြတ်တောက်မှု ယခင်ထက်ပိုများလာ၍ ပြည်သူများအခက်အခဲ ပိုဖြစ်လာနေ

ယခုသီတင်းပတ်တွင် နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုများလာ၍ ပြည်သူများအခက်အခဲ ပိုမိုဖြစ်လာနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်ဆိုလျှင် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြတ်တောက်မှုရှိနေကာ တစ်ကြိမ်ပြတ်လျှင် ၃ နာရီ၊ ၄ နာရီခန့်ကြာမြင့်လျက်ရှိကြောင်း လျှပ်စစ်မီးသုံးစွဲသည့် ဒေသခံများပြည်သူများက ပြောသည်။

အဆိုပါလျှပ်စစ်မီးပြတ်တောက်မှုသည် ယခုရက်ပိုင်းအတွင်းတွင် ပိုမိုများပြားလာကာ ဒေသခံများမှာ မီးပုံမှန်မရ၍ အခက်အခဲပေါင်းများစွာကို ခံစားနေကာ လျှပ်စစ်မီးပုံမှန်ရစေချင်လိုကြောင်း မင်းပြားမြို့ဒေသခံ ကိုစိုးနိုင်က နိရ ဉ္စရာသို့ပြောသည်။

"ဒီတစ်ပတ်အတွင်း မီးအခြေအနေတွေက ပိုပြီးတော့ ဆိုးရွားလာပါတယ်။ အနည်းဆုံးကတော့ နှစ်ကြိမ်လောက်ပျက်တယ်။ တခါပျက်ရင် လေး၊ ငါးနာရီလောက်ကြာပါတယ်။ ထမင်းချက်တဲ့မိန်းမတွေမှာဆိုရင်လည်း အခက်အခဲတွေရှိတယ်။ ကိုယ်ရင်လေးတွေဆိုရင် ဆွမ်းတောင်မရဘူးဖြစ်နေပြီ။ မီးရမလားစောင့်ရင်းနဲ့ ကိုယ်ရင်လေးတွေ ဆွမ်းတောင်မရတော့ဘူး။ မီးနဲ့လုပ်နေရတဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာဆိုရင်လည်း အချိန်ကြန့်ကြာတယ်။ လုပ်ငန်းတွေပါ၊ စားရေးသောက်ရေးတွေပါ အခက်အခဲဖြစ်နေကြပါတယ်" ဟုပြောသည်။

ယခင်ကဆိုလျှင် လျှပ်စစ်မီးပြတ်တောက်မည့်အချိန်နှင့်ကြာမြင့်ချိန်ကို ရပ်ကွက်အလိုက်စာရင်းများထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိတွင် အဆိုပါစာရင်းများအတိုင်း လျှပ်စစ်မီးပြတ်တောက်ခြင်းမရှိဘဲ လျှပ်စစ်မီးအသုံးပြုများသည့်အချိန်များတွင် ပြတ်တောက်နေခြင်းကြောင့် ပိုမိုအခက်အခဲဖြစ်လာနေရကြောင်း လျှပ်စစ်မီးသုံးစွဲနေသူများက ပြောဆိုကြသည်။

ထို့အပြင် တက္ကသိုလ်ကျောင်းသားများအနေဖြင့်လည်း ဒုတိယနှစ်စာမေးပွဲဖြေဆိုရန်အချိန် နီးကပ်လာသည့်အချိန်တွင် စာကျက်မှတ်လေ့လာရမည့်အချိန်များ၌ ယခုကဲ့သို့မီးပြတ်တောက်နေမှုများကြောင့် စာလေ့လာရာတွင် လွန်စွာအခက်အခဲဖြစ်နေရကြောင်း စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။

"စာကျက်ဖို့က အဆင်မပြေဘူး။ စာမေးပွဲကလည်း တအားနီးနေပြီလေ။

စာမေးပွဲစစ်တဲ့နေ့မှာဆိုရင် ဒီလိုညနေပိုင်းတွေ မီးပြတ်မယ်ဆိုရင်တော့ လုံးဝအဆင်မပြေနိုင်ဘူး။ ဖယောင်းတိုင်မီးနဲ့ကျက်ရတာလည်း အဆင်မပြေဘူး။ တစ်ရက်မှာက နှစ်ကြိမ်သုံးကြိမ်လောက်ကို ပြတ်နေတာ။ ညနေ ၅ နာရီလောက်ကစပြတ်တယ်ဆိုရင် ညဉ့် ကိုးနာရီ၊ ဆယ်နာရီလောက်မှ မီးပြန်လာတော့ ဘယ်လိုမှအဆင်မပြေဘူး" ဟုပြောသည်။

ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်မှုလုပ်ငန်းအချို့နှင့် အခြားလုပ်ငန်းအချို့တို့တွင် မီးစက်ကို နာရီနှင့်ချီ အားထားအသုံးပြုနေရပြီး စက်သုံးဆီစျေးများလည်း မြင့်တက်နေမှုကြောင့် ငွေကုန်ကြေးကျပိုဖြစ်နေရသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"မီးက တစ်နေ့လုံးနီးပါး လိုလိုပြတ်နေတာကများတယ်။ အဲလိုဆိုတော့ မီးမလာရင်အလုပ်ကိုပစ်ထားလို့ကလည်း အဆင်မပြေဘူးလေ။ မီးစက်နိုးပြီးအလုပ်တွေဆက်လုပ်ရတယ်။ ဆီစျေးတွေကလည်း တက်နေတော့ ငွေကုန်ကြေးကျပိုများနေတယ်" ဟုပြောသည်။

ကုန်စျေးနှုန်းများနှင့် စက်သုံးဆီစျေးများ အဆမတန်မြင့်တက်နေချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်သုံးဆီများဝယ်ယူသုံးစွဲနေရသည့်အတွက်လည်း ငွေကုန်ကြေးကျပိုများကာ ကျပ်တည်းမှုများ ပိုဖြစ်လာနေရကြောင်း ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၆ ရက်က ထုတ်ပြန်ထားချက်တွင် ဇူလိုင်လ ၂၁ ရက်မှစတင်ကာ မဟာဓာတ်အားလိုင်း (၂)လိုင်းနှင့်  ဇောတိကဓာတ်ငွေ့ပိုက်လိုင်းတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် နိုင်ငံတဝန်း ဓာတ်အားပြတ်တောက်လျက်ရှိပြီး အမြန်ဆုံးဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လျှပ်စစ်ဌာနအား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...