စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်ဖွဲ့များသည် ရိက္ခာပို့ဆောင်ရန်နှင့် တပ်အင် အားဖြည့်တင်းမှုများ ပြုလုပ်ရန် မြိုင်ကြီးငူဘက်သို့ စစ်ကြောင်းဝင်ရောက်လာသည့်အပေါ် ဒေသခံရွာသား များအနေဖြင့် ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ (၂၅)ရက်၊ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များနှင့် BGF ပူးပေါင်းတပ်ဖွဲ့များပါဝင် သည့် ကားတန်းရှည်ကြီးသည် မြိုင်ကြီးငူလမ်းပိုင်းသို့ ဝင်ရောက်လာခြင်းကြောင့် ရပ်ရွာနေပြည်သူများအနေဖြင့် ပေါ်တာဆွဲခြင်းနှင့် လူသားဒိုင်းအဖြစ် ပြုလုပ်ခံရမှာကို စိုးရိမ်သောကြောင့် နေအိမ်အပြင်မထွက်ရဲကြ တော့ကြောင်း နောင်ကမြိုင်ရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက “ဒီမနက် ၇ နာရီလောက်မှာ လမ်းမကြီးအတိုင်း စစ်သားတွေ ကားတွေနဲ့ ဖြတ်သွားတာတွေ့တယ်။ ကားအစီးရေကတော့များတော့ သေချာတော့ မမှတ်မိဘူးလေ။ မြိုင်ကြီးငူအထဲမှာက (BGF)တွေများတယ်။ နန်းဦးစေတီတော်ဘက်က သံလွင်မြစ်ကမ်းစပ်နားပဲဆိုတော့ အဲ့ဒီက တပ်မဟာ ၅ဘက်ကို စစ်ကြောင်းထိုးဖို့ပဲများ တယ်။ အရင်တုန်းကလည်း အခုလိုပဲကားနဲ့ တက်လာရင် အဲ့ဘက်ကိုပဲ ပို့ကြတာလေ။ အခုလို စစ်ကြောင်းပြန် ထိုးလာတော့ ကျနော်နေတဲ့ရွာရော၊ အနီးအနားကရွာတွေရော တောင်ယာလည်း လုပ်လို့မရဲ။ ဘယ်ချိန်ပေါ်တာ ဝင်ဖမ်းမလဲ၊ လူသားဒိုင်းခေါ်သွားမလဲကြောက်နရတာပေါ့” ဟု ပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ကတိုင်တိကျေးရွာရှိ လှေဆိပ်များကို ပိတ်ပင်ထားမည်ဖြစ်ကြောင်း အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ဗိုလ်မှူးမောင်ချစ်က စာထုတ်ပြန်ထားပြီးနောက် ယခုလို တပ်အင်အား ဖြည့်တင်းဝင်ရောက်မှုများရှိလာပြီး ကေအဲန်ယူ တပ်မဟာ(၅) ဘက်သို့ စစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်။
အလားတူ ပြီးခဲ့သည့်လပိုင်းများတွင်လည်း BGF တပ်ဖွဲ့ဝင်များမှ ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေအတွင်းရှိ ကျေးရွာအချို့တွင် ရာနှင့်ချီသည့် ဒေသခံရွာသားများကို အစုအလိုက် အပြုံလိုက်ပိတ်ဆို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သလို ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်ခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက် ကေအဲန်ယူ တပ်မဟာနယ်မြေအသီးသီးတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားရာတွင် ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေအများဆုံးဖြစ်ပွားခဲ့ပြီး ကေအဲန်ယူဘက်မှ စစ်ကောင်စီ၏အရေးပါသည့် ရှေ့တန်းစခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားမှု အချို့ရှိသည်။







