ရခိုင်တွင် ၄ လအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်ချခံထားရသူ ၂၃ ဦးအထိ ရှိလာ

ရခိုင်တွင် ၄ လအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်ချခံထားရသူ ၂၃ ဦးအထိ ရှိလာ

ရခိုင်တွင် ယခုနှစ်ဧပြီလမှစ၍ ဇူလိုင်လနောက်ဆုံးအပတ်အထိ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၃ ဦးအထိရှိလာကြောင်း သိရသည်။

၄င်းတို့ထဲတွင် စစ်တွေခရိုင်တရားရုံးမှ ၈ ဦး၊ မြောက်ဦးခရိုင်တရားရုံးမှ ၂ ဦး၊ ကျောက်ဖြူခရိုင်တရားရုံးမှ ၉ ဦးနှင့် မောင်တောခရိုင်တရားရုံးမှ ၄ ဦးတို့ပါဝင်ကြသည်။

စစ်တွေခရိုင်တရားရုံးမှ ၈ ဦးတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၊ ကိုမျိုးလှိုင်ဦး၊ ကိုမောင်ချေ၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်း၊ မြောက်ဦးမြို့နယ် ဘုရားကြီးချောင်းနားကျေးရွာမှ ကိုတင်မောင်စိုးနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေးနှင့် ဦးမောင်စောတို့ဖြစ်ကြပြီး ၄င်းတို့သည် ဇူလိုင်လအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

မြောက်ဦးခရိုင်တရားရုံးမှ မြောက်ဦးဒေသခံ ၂ ဦးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူ ကျောက်ဖြူခရိုင်တရားရုံးမှ ၉ ဦးတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ ဦးဝင်းနိုင်နှင့် အလယ်ချောင်းကျေးရွာမှ ဦးငလုံးအောင်(ခ) ထွန်းထွန်းဝင်း၊ ဦးညီညီဇော်၊ ဦးဇော်ထွန်း၊ ဦးမြင့်ထွန်း၊ ဦးချမ်းငြိမ်း၊ ဦးဇော်ဌေး(ခ) မျိုးဝင်း၊ ဦးထွန်းဝင်းနှင့် ဦးရဲကိုနိုင်တို့ဖြစ်ပြီး ၄င်းတို့သည် ဇူလိုင်လ ၂၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

ထို့အပြင် မောင်တောခရိုင်တရားရုံးမှ ၄ ဦးတွင် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာမှ ဦးခင်မောင်လှနှင့် ဦးကျော်နိုင်၊ မောင်တောမြို့ အမှတ်(၃) ရပ်ကွက်မှ ကိုညီညီနိုင်နှင့် မောင်တောမြို့နယ် ငွေတောင်ကျေးရွာမှ ဦးအောင်လှသိန်းတို့ဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့်ဧပြီလက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (စျ)၊ ၅၀(က)နှင့် ၅၁(က)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

သူတို့အားလုံးသည် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်က စစ်ကောင်စီမှ ရက္ခိုင့်တပ်တေ်ာ(AA)ကို အကြမ်းဖက်အဖွဲ့အစည်းကနေဖျက်သိမ်းခဲ့ပြီးနောက်တွင် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချခြင်းသည် မတရားထောင်ချခြင်းဖြစ်ကြောင်း မောင်တောမြို့နယ်မှ ထောင်ချခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒါကတော့ မတရားထောင်ချတာပါ။ AA ကိုလည်း အကြမ်းဖက်အဖွဲ့ကနေရုပ်သိမ်းပြီးထားပြီဖြစ်လို့ အခုသူတို့တွေကို ဒီဥပဒေတွေနဲ့ချတာကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ သူတို့ကအပြစ်မရှိဘဲအဖမ်းခံထားရတာတောင် ၂ နှစ်ကျော်ရှိနေပြီ” ဟုပြောသည်။

ယခင်ကဆိုလျှင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲထားသော ဒေသခံများ၏အမှုများကို တရားစီရင်ရာတွင် အပြီးသတ်အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ ရုံးချိန်းများအကြိမ်ကြိမ်ချိန်းဆိုကာ အချိန်ဆွဲမှုများရှိခဲ့သော်လည်း လက်ရှိတွင် ၎င်းအမှုများကို ဆက်တိုက်ဆိုသလို အပြီးသတ်အမိန့်အသီးသီးချလာနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ AA နှင့် ဆက်စပ်သံသယရှိသူများကို ထောင်ဒဏ်အသီးသီးချမှတ်လာသည့်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ စာရေးဆရာဝေဟင်အောင်က “လက်ရှိကတော့ အမှုတွေကကြာလာပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ်အသစ်၊ အသစ်တိုးဖမ်းတာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ဒီအမှုတွေကို ဖြတ်ဖို့လိုလာတဲ့အတွက် ဖြတ်လာတယ်လို့မြင်တယ်။ သူတို့က AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်လိုက်တယ်။ ဒါပေမယ့် ဘာရှိလဲဆိုတော့ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းအရ ဒီအမှုတွေက ရှေ့ပိုင်းကနေစွဲဆိုထားတာဖြစ်တဲ့အတွက် မဆိုင်ဆိုတဲ့ဘက်ကရှိတဲ့ပုံပေါက်တယ်။ ဒါကြောင့် ဆိုရရင် တရားရုံးဘက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်ကို မလွန်ဆန်နိုင်တဲ့အတွက် ဒီလူတွေကို အပြစ်ပေးတယ်လို့မြင်တယ်” ဟုပြောသည်။

လက်ရှိရခိုင်ပြည်နယ်မှ အကျဉ်းထောင်အသီးသီးတွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ််းဆီး၊ တရားစွဲ၊ ထောင်ချခံထားရသည့်် ဒေသခံပေါင်း ၆၈ ဦးရှိကြောင်း AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသည့်သူများကို စာရင်းပြုစုနေသည့် စာရေးဆရာဝေဟင်အောင်၏ စာရင်းအရ သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...