တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ဒေသခံအရပ်သားအပေါ်အသက်အန္တရာယ်ခြိမ်းခြောက်မှုများပြုလုပ်

တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ဒေသခံအရပ်သားအပေါ်အသက်အန္တရာယ်ခြိမ်းခြောက်မှုများပြုလုပ်

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်းရှိ ခြေကုပ်နေရာယူထားသော စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဒေသခံကျေးရွာသားများအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရဲစခန်းဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် -BGF အမှတ်(၁၀၂၁) တပ်ရင်းမှ စောဒူးရှည် ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂ဝ ရက်နေ့နောက်ပိုင်း ၎င်းတို့၏ စခန်းအပြင် သို့ထွက်၍ တံခွန်တိုင်ရွာနှင့် ခလယ်ကျေးရွာသို့ သွားရောက်ကာ ရွာသားများအား အရက်ဝယ်ခိုင်းစေခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဝင်းရော်ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

၎င်းက “ တွေ့တဲ့ ရွာသားတွေကို ထိုင်ချခိုင်းပြီး မင်းတို့ဒီလူတွေကို ပစ်သတ်ရဲလားလို့ BGF စောဒူးရှည်က သူ့နဲ့ပါ လာတဲ့ စစ်တပ်တွေကို မေးတယ်။ ဆရာအမိန့်ပေးရင် ပစ်သတ်ရဲတယ်လို့ စစ်တပ်ကပြန်ဖြေတယ်။ သူတို့တွေက အရက်မူးလာကြတော့ ရွာသားတွေက ကြောက်လန့်ကြတာပေါ့ဗျာ။ ပြီးတော့ ရွာသားတွေကိုခေါ်ပြီး အရက်သွား ဝယ်ခိုင်းတော့ ဝယ်ပေးရသေးတယ်။ သူတို့ရွာထဲသွားရင် လူသားဒိုင်းအဖြစ် ခေါ်ပြီးသွားပေးရတယ်။ တစ်လမ်းလုံး သေနတ်ပစ်ဖောက်တော့ တစ်ရွာလုံးကြောက်လန့်နေကြရတယ်” ဟု ပြောသည်။

တံခွန်တိုင်ရွာနှင့် ပူးလိန်ရွာချင်းဆက်ရှိ အများပြည်သူသွားလာသည့် လမ်းမတွင် ၎င်းတို့တပ်မှ ခရီးသွားလာ သူများကို မကြာခဏ ခေါ်ယူစစ်ဆေးမေးမြန်းများပြုလုပ်သည့်အပြင် ခလယ်ကျေးရွာ ဖားစည်အဝိုင်းအထိ ဆင်းလာကာ ရွာသားများအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခြင်း၊ ၎င်းတို့စခန်းအတွင်းမှ မကြာခဏ လက်နက်ကြီး လက်နက်ငယ်များ ပစ်ဖောက်လျက်ရှိသည့်အတွက် ဒေသခံရွာသားများမှာ နေ့စဉ်ကြောက်လန့် နေကြရသည်ဟု ဒေသခံများက ပြောသည်။

“ရွာသားတွေ စစ်ရှောင်လာကြရတာ ကြာပြီးလေ။ စားဝတ်နေရေးတွေ ခက်ခဲကုန်လို့ ခုမှလယ်တွေ ခြံတွေ ပြန်ပြီးအစပျိုးနေရသေးတယ်။ မနေ့ ဇူလိုင် ၂၄ ရက်နေ့က ခလယ်ရွာထဲကို စစ်တပ်က စစ်ရေးအသွင်နဲ့ ဆင်းလာကြတော့ တစ်ရွာလုံးကြောက်ကြတာပေါ့။ ရွာကစာသင်ကျောင်းရှေ့အနီး ရောက်တာနဲ့ သေနတ်ပစ်ဖောက်ကြတော့ ထပ်ပြေးရမလား၊ နေရမလား အားလုံးကြောက်နေကြရပြီး။ ညတိုင်းလည်း သေနတ်ပစ်ဖောက်တော့ ဘာမှလုပ်ကိုင်လို့ မရဲဘူးကြောက်နေရတယ်”ဟု ခလယ်တံခွန်တိုင်ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်သည် ရွာသားများအား လူသားဒိုင်းအဖြစ် အသုံးပြု ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရိုက်နှက်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

ခလယ်တံခွန်တိုင်တိုက်နယ်သည် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ (တပ်မဟာ ၆) ဝင်းရေးမြို့နယ်၏ ထိန်းချုပ်နယ်မြေတွင် တည်ရှိသည်။ ပြီးခဲ့သည့် ဧပြီလတွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတို့ ရက်ရှည်တိုက်ပွဲကြောင့် ကျေးရွာ ၁ဝ ကျော်မှ ဒေသခံလူထု တစ်သောင်းခန့် စစ်ဘေးရှောင်ခဲ့ကြရသည်။

အဆိုပါ တိုက်ပွဲကြောင့် မွေးမြူရေးလုပ်ငန်း၊ ဥယျာဉ်ခြံ၊ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ကြရပြီး ရွာသားအချို့ လက်နက်ကြီးကျည်ထိမှန် ထိခိုက်သေဆုံးခဲ့ရသည်။ စစ်ဘေးရှောင်နေရသည့် ရွာသားများ၏ လယ်ယာဥယျာဉ်ခြံအများစုမှာ ယနေ့အချိန်ထိ မလုပ်ကိုင်နိုင်ကြသေးသည့်အတွက် စားဝတ်နေရေး ခက်ခဲလာကြသည်ဟု ဒေသခံရွာသားများက ပြောသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...