တောင်ပျောက်တိုက်နယ် စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲအပြင် ရာသီဥတုဒဏ်ပါ ခံစားနေရ

တောင်ပျောက်တိုက်နယ် စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲအပြင် ရာသီဥတုဒဏ်ပါ ခံစားနေရ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် ၆၀၀၀ ကျော်သည် စားနပ်ရိက္ခာအခက်အခဲအပြင် မိုးရာသီကာလအတွင်း ဆိုးရွားသည့် ရာသီဥတုဒဏ်များကိုပါခံစားနေကြရသည်ဟု ၎င်းတို့ကို ကူညီပေးနေသူများထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ ၎င်းကျေးရွာ ၁၀ ရွာမှ စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးဒဏ်ကို ခံနေကြရသည့်အပြင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေရသလို စစ်ဘေးရှောင်အများစုမှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်အများအပြား ပါဝင်နေသောကြောင့် အစာအာဟာရနှင့် ကျန်းမာရေး ပြဿနာများလည်း ရင်ဆိုင်လာရနိုင်ကြောင်း စစ်ဘေး ရှောင်ကူညီပေးနေသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက”စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးလေးတွေ အသက်ကြီးတဲ့သူတွေက များနေတယ် ။ မိုးရာသီဆိုတော့ ပိုဆိုးတာပေါ့။ တစ်နေရာကနေ တစ်နေရာရွှေ့ပြောင်းရတာက သာမန်လူတွေအတွက်လွယ်ပေမဲ့ ဗိုက်ကြီးသည်တို့ အသက်ကြီးတဲ့သူတွေအတွက်ကျအဆင်မပြေဘူးလေ။ ရိက္ခာကလည်း တရက်ထက် တရက် နည်းလာတော့ သူတို့အတွက် အာဟာရချို့တဲ့မှာကိုတောင်စိုးရိမ်နေရတယ်’’ ဟု ကေအိုင်စီသို့ပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် ရိက္ခာပြတ်တောက်နိုင်သည့် အခက်အခဲ များအပြင် တောတောင်ထဲတွင် မိုးတွင်းကာလ ခြင်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငှက်ဖျားရောဂါကိုလည်း စိုးရိမ်နေကြရပြီး လက်ရှိတွင် ဆေးဝါးများအပြင် ကုသရေးအတွက် လူငယ်ဆေးကုသရေးအဖွဲ့တစ်ခုသာ ရှိကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

၎င်းက ”ကိုယ်ဝန်ဆောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကတော့ ပိုအခက်အခဲဖြစ်တာပေါ့နော်။ ဘာလို့ လဲဆိုတော့ မိုးရာသီမှာ ခြင်ကိုက်လို့ ငှက်ဖျားအန္တရာယ်စိုးရိမ်နေရတယ်။ နောက်တစ်ခုက တိုက်နယ်တစ်ခုလုံးမှာ လူငယ်ဆေးကူအဖွဲ့အပြင် သူနာပြုလည်းမရှိ၊ ဆရာဝန်လည်းမရှိ၊ တချိန်တည်းမှာပဲ စစ်ဘေးရှောင် နာမကျန်းဖြစ်သူတွေမှာ ကြာရင် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရတယ်။ အာဟာရချို့တဲ့တော့ ခုခံအား နည်းလာမယ်။ ခုခံအားမရှိတော့ ရောဂါဝင်ဖို့လွယ်တယ် မဟုတ်လား။ “လို့ ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ယခုဇူလိုင်လ ၃ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)များကိုရှင်းလင်းရန် အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် တောင်ပျောက်တိုက်နယ်အတွင်းရှိ ရေဗျတ်၊ မယ်ကဲ၊ ကျောက်အိုင်၊ ဝင်းကမော်၊ ကျွဲခြံ၊ လယ်စု၊ ရေပူ၊ ဗျတ်ဝိသား၊ တောင်ပျောက်တိုက်ကျေးရွာနှင့် သဲချောင်းကြီးစသည့် ကျေးရွာ(၁၀)ရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လမ်းများကို ပိတ်ဆို့ စစ်ဆေးနေမှုများကြောင့် အဆိုပါ စစ်ရှောင်များအတွက် စားနပ်ရိက္ခာဝယ်ယူနိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း သိရှိရသည်။

တောင်ပျောက်တိုက်နယ်အတွင်းသို့ အခြားဒေသမှနေ၍ စားနပ်ရိက္ခာဝင်ရန် လမ်းမရှိဘဲနှစ်ဖက်ပိတ်မိနေသလို ဖြစ်နေကာ စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့တွင် ကျန်ရှိနေသေးသည့် ရိက္ခာများကိုသာ စာသုံးနေရကြောင်း၊ အပြင်သို့ထွက်ဝယ်မရသည့် အခြေအနေများကြောင့် ကာလကြာမြင့်လာသည့်အခါ ရိက္ခာပြတ်တောက်သွား နိုင်သည့်အပေါ် စိုးရိမ်နေကြကြောင်းလည်း တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...