မောင်တောတွင် ဖမ်းဆီးခံထားရသူ ၅ ဦးအနက် ၁ ဦးကိုလွှတ်ပေး၊ နောက်ထပ် ကျေးရွာတာဝန်ခံတစ်ဦး ထပ်မံဖမ်းဆီးခံရ

မောင်တောတွင် ဖမ်းဆီးခံထားရသူ ၅ ဦးအနက် ၁ ဦးကိုလွှတ်ပေး၊ နောက်ထပ် ကျေးရွာတာဝန်ခံတစ်ဦး ထပ်မံဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူ ၅ ဦးအနက် ၁ ဦးကို လွှတ်ပေးလိုက်ပြီး နောက်ထပ် ကျေးရွာတာဝန်ခံတစ်ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာတာဝန်ခံ ဦးဘသိန်း (၃၂)နှစ်ဖြစ်သည်။

သူသည်  ဇူလိုင်လ ၂၀ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ တောင်ပြိုမြို့နယ် စစ်တပ်ဗျူဟာက အစည်းအဝေးခေါ်၍ သွားရာတွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဖမ်းခံထားရတာ မှန်ပါတယ်။ မနေ့က အစည်းအဝေးသွားတာမှာ ခေါ်ထားလိုက်တာလို့ သိရတယ်"ဟု ပြောသည်။

ယမန်နေ့ကလည်း မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီး ပန်းတောပြင်ဂိတ်တွင် ခရီးသွား ၂ ဦးကိုဖမ်းဆီးခဲ့ရာ ၁ ဦးကို ယနေ့နံနက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ပန်းတောပြင်မှာ ဖမ်းတဲ့ ၂ ယောက်ထဲက ၁ ယောက်ကိုလွှတ်လိုက်ပါပြီ။ ကျန်တဲ့တစ်ယောက်ကိုတော့ အိမ်ကျော်နင်းမှုပုဒ်မနဲ့ မကျည်းချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ခံ ၂ ဦးနှင့် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

မောင်တောတွင် ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီနဲ့ AA တို့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများကိုလိုက်လံဖမ်းဆီးမှုများဆက်တိုက်ရှိလာနေပြီး လက်ရှိမှာ ဒေသခံ ၈ ဦး အထိ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...