ထိုင်းဘတ်ငွေလဲလှယ်စျေးမတည်ငြိမ်သည့်အတွက် ပြည်တွင်းသို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့

ထိုင်းဘတ်ငွေလဲလှယ်စျေးမတည်ငြိမ်သည့်အတွက် ပြည်တွင်းသို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့

ထိုင်းနိုင်ငံအတွင်း ဘတ်ငွေ/မြန်မာငွေ လဲလှယ်နှုန်းများမြင့်တက်နေမှုနှင့်ငွေလဲလှယ်စျေးမတည်ငြိမ်သည့် အခြေအနေကြောင့် မြန်မာပြည်တွင်းသို့ ငွေလွှဲလုပ်ငန်းလုပ်သူများ အခက်တွေ့နေရသည်ဟု သိရသည်။

မဲဆောက်မြို့တွင် မြန်မာပြည်ငွေလွှဲ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ” မနက်ငွေလဲနှုန်းတစ်မျိုး၊ နေ့ခင်း၊ ညနေတစ်မျိုး မငြိမ်ဘူး၊ ကျပ်စွန်း၊ ပြားစွန်းအလိုက် ငွေလဲနှုန်းမှာ ကွာဟသွားရင် မြန်မာပြည်ထဲ မြန်မာငွေနဲ့ ပြန်တွက်ပြီး လွှဲပေးရတဲ့နေရာမှာ ကိုယ်ကအိတ်စိုက်အရှုံးပေါ်ပြီလေ။ ဒီနေ့ ပေါက်စျေးက ထိုင်းဘတ်ငွေ ၁,၆၁၅ ဘတ်ကို မြန်မာငွေ တစ်သိန်းရမယ်၊ အဲ့လိုငွေလွှဲ မြန်မာပြည်ဘက် ဘတ်ငွေယူ ကျပ်ငွေ ပြန်လွှဲဖို့ လက်ခံထားရင် ညနေဘတ်ငွေစျေးကွက်ပိတ်ချိန်မှာ စျေးအတက်အကျရှိရင် ကိုယ်ကစိုက်ပြီးကျပ်ငွေ ပြည်တွင်းပို့ဖို့က လုပ်ပေးရတော့ အရှုံးရှိလာတယ် “ဟု ပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ငွေစျေးနှုန်းကွာဟမှု ယခုဇူလိုင်လအတွင်း မြင့်တက်လာသောကြောင့် နယ်စပ် ကုန်သွယ်ရေးနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားလုပ်ခလစာကိစ္စများ၊ တစ်ပိုင်တစ်နိုင်ကုန်ရောင်းကုန်၀ယ်လုပ် ကိုင်သူများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ဆောင်သူများ၏ လုပ်ငန်းများအခက်အခဲဖြစ်နေကြောင်း၊ မြန်မာပြည်တွင်း ဒေါ်လာငွေအကြပ်အတည်းနှင့်ဘဏ်စနစ်များ ထိန်းချုပ်ခံထားရသည့် ကိစ္စများကြောင့် ပြည်တွင်းပြည်ပငွေလွှဲလုပ်ငန်းလုပ်သူများ လုပ်ငန်းရပ်ထားပြီး ဘတ်ငွေ၊ မြန်မာငွေလဲလှယ်ရောင်း၀ယ်သည့် ကိစ္စများကိုသာ လုပ်ဆောင်နေကြကြောင်း ထိုငွေလဲလုပ်ငန်းလုပ်ဆောင်သူက ဆက်ပြောသည်။

သူက “အခုတစ်လော ငွေလွှဲလုပ်ငန်းတွေ ဘတ်စျေး၊ ဒေါ်လာစျေး မငြိမ်တာကြောင့် တော်တော်များများ ရပ်ထားတယ်၊ အရင်က ထိုင်းဘတ်၂,၅၀၀ ကို မြန်မာငွေ တစ်သိန်းရတယ်၊ အခုက ထိုင်းဘတ်ငွေ ၁,၆၁၅ ဘတ်ကို မြန်မာငွေ တစ်သိန်းဖြစ်လာပြီဆိုတော့ ဘတ်ငွေအရောင်းအ၀ယ် လုပ်တာမျိုးပဲလုပ်ကြတယ်၊ တချို့ ကတော့ မြန်မာပြည်ဘဏ်မှာ ချိတ်ဆက်ထားပြီး ထိုင်းဘက်ကနေ K pay တို့ Wave money တို့နဲ့ လွှဲမယ်ဆိုလည်း ဘတ်ငွေကို ပြားစွန်းစျေးခွာပြီးလက်ခံတယ်၊ ငွေလွှဲခသတ်သတ်နဲ့ ငွေလွှဲတာလုပ်နေကြတယ် “ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မဲဆောက်-မြ၀တီမြို့ရှိ နှစ်ဘက်ငွေလွှဲလုပ်ငန်းများမှာ ယခင်ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ကာလမဖြစ်ခင်က တစ်နေ့ ပျှမ်းမျှ မြန်မာငွေ သိန်းပေါင်းတစ်သောင်းကျော်အထိ ငွေလွှဲ ၊ ငွေလဲ လုပ်ငန်းနေ့စဉ် လည်ပတ်မှုရှိရာမှ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်နေ့ မြန်မာငွေ သိန်းပေါင်း ၅,၀၀၀ ထောင်ကျော်ခန့်သာ အလုပ်ဖြစ်တော့သည်ဟု ငွေလွှဲလုပ်ငန်းလုပ်သူများက ပြောသည်။

ယခု စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာကာလတွင် ကုန်ရောင်းကုန်၀ယ်လုပ်သူများ လုပ်ငန်းများ ရပ်နားထားကြသည့်အတွက် နယ်စပ်ရွှေ့ပြောင်းမြန်မာအလုပ်သမား မြန်မာပြည်သို့ ငွေလွှဲသည့် အလုပ် သာရှိနေပြီး တစ်နေ့သိန်းပေါင်း ၁,၅၀၀ ၀န်းကျင်သာ လည်ပတ်လုပ်ကိုင်နေရသည့် အခြေအနေဖြစ်နေပြီ ဖြစ်ကြောင်း မဲဆောက်မြို့ အခြေစိုက် မြန်မာငွေလွှဲ ၊ ငွေလဲ လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...