“အလံဖြူထောင်သည်ကို ထောင်ပါသည်”ဟု မီဒီယာကို အမှန်အတိုင်း ဖြေကြားမိ၍ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရသည့် ပလက်ဝမှ ကျန်းမာရေး ဝန်ထမ်းကိုတင်ထွန်းအောင်၏ အယူခံကို တရားရုံးကလက်ခံပြီး ထောင်ဒဏ်တစ်နှစ် လျော့ပေါ့ခံစားခွင့်ပြု

“အလံဖြူထောင်သည်ကို ထောင်ပါသည်”ဟု မီဒီယာကို အမှန်အတိုင်း ဖြေကြားမိ၍ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရသည့် ပလက်ဝမှ ကျန်းမာရေး ဝန်ထမ်းကိုတင်ထွန်းအောင်၏ အယူခံကို တရားရုံးကလက်ခံပြီး ထောင်ဒဏ်တစ်နှစ် လျော့ပေါ့ခံစားခွင့်ပြု

ချင်းပြည်နယ်၊ ပလက်ဝမြို့ ခမရ (၂၈၉) တပ်ရင်းတွင် အလံဖြူ ထောင်ထားသည်ကို ထောင်ထားသည့် အတိုင်းတွေ့မြင်ရပါသည်ဟု မီဒီယာတစ်ခုကို ဖြေကြားမိ၍  နိုင်ငံတော်အကြည်အညို ပျက်စေသည် ဟုဆိုကာ ထောင် (၃) နှစ်ချမှတ်ခံထားရသည့် ကျန်းမာရေး ဝန်ထမ်း ကိုတင်ထူးအောင်၏ အယူခံကို တရားရုံးက လက်ခံပြီး ထောင်ဒဏ် ၁ နှစ်လျော့ပေါ့ခံစားခွင့်ပြုလိုက်သည်ဟု မိသားစုက ပြောကြားသည်။

ကိုတင်ထွန်းအောင်၏မိသားစုဝင်တစ်ဦးက "အခု သုံးနှစ်ကျတာမှာ နှစ်နှစ်ပဲကျပါတော့မယ်။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်တဆင့် တရားရုံး တက်ဖို့ကလည်း မလွယ်တော့ဘူး။ ပထမတော့ ဒီလောက်အမှုနဲ့ သူ့ကိုထောင် ၃ နှစ်ထိ ချမယ်မထင်ထားခဲ့ဘူး။ ပညာပေးအဆင့်သာသာ လောက်ပဲ ရှိမယ်ထင်ခဲ့တာ။ အခု အယူခံကိုလည်း ကျနော်တို့မိသားစုကတော့ နှစ်နှစ်လောက် လျော့မယ်လို့မျှော်လင့်ထားတာ။ အခု တစ်နှစ်လျော့လိုက်တယ်" ဟုပြောသည်။

ကိုတင်ထူးအောင်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ထောင် ၃ နှစ် ချမှတ်ခံထားရပြီးနောက် အယူခံတင်ခဲ့ရာ ခရိုင်အဖြစ် တိုးချဲ့ခံရသည့် ပလက်ဝခရိုင်တရားရုံးမှ ထောင်ဒဏ် ၁ နှစ်လျော့ပေါ့ ခံစားခွင့်ပြုလိုက်ကြောင်းသိရသည်။

ကိုတင်ထွန်းအောင်၏ အယူခံကို မေလ ၁၃ ရက်တွင် မတူပီခရိုင်တရားရုံးက လက်ခံခဲ့ပြီး  ဇွန်လ ၃ ရက်က ပလက်ဝခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး ထိုအယူခံအား နှစ်ဘက်လျှောက်လဲ ကြားနာခဲ့ပြီးနောက် ထောင်ဒဏ် တစ်နှစ်လျော့ပေးခဲ့ခြင်းဖြစ်သည်။  

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကျန်းမာရေး ဝန်ထမ်းအဆင့် (၃) ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝကျေးရွာ အခြေခံပညာ စာသင်ကျောင်းမှ အထွေထွေ ဝန်ထမ်း ကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူး ဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ထောင်ချခံခဲ့ရသည်။ သူနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် ကိုတင်ဦးကို ပလက်ဝ မြို့မရဲစခန်းက ခံဝန်ဖြင့် နောက်တစ်နေ့ညနေပိုင်းတွင် လွှတ်ပေးခဲ့သည်။

ဒေသအတွင်းက လူမှုရေးလှုပ်ရှားဆောင်ရွက်သူတစ်ဦး “ အလံဖြူ ထောင်တာက ကောင်းတဲ့ သင်္ကေတဘဲ။ အဖြူရောင်က ငြိမ်းချမ်းရေး နမိတ်ဘဲလေ။ ဒီလိုထောင်တာကို ထောင်တယ်လို့ ပြောလို့ ထောင်သုံးနှစ် ချတာကတော့ တရားရေးလောကမှာ သမိုင်းမှတ်တမ်းဝင်သွားတာပေါ့ဗျာ” ဟု ပြောဆိုသည်။

ကိုတင်ထွန်းအောင်သည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နံနက်တွင် ပလက်ဝ မြို့နယ်တရားရုံး၏ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ချုပ်ရက်ကို ပေါင်း၍ခံစားခွင့်ရရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်း ထားပြီး ထောင်အတွင်း ကိုဗစ်စည်းကမ်းများကြောင့် ထောင်ဝင်စာ တွေ့ခွင့်မရဖြစ်နေပြီး ကိုတင်ထွန်းအောင်၏ ကျန်းမာရေး အခြေအနေကိုလည်း မသိရကြောင်း မိသားစုဝင်များကပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...