တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရထားရသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူများမှာ မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်(ခ) ဦးဘုန်းကံနိုင်(၄၅ နှစ်)၊ ဦးထွန်းအေးကြိုင်(၅ဝ နှစ်)၊ ဦးထွန်းချေ(၄၂ နှစ်)နှင့် ပန်းတောပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသူ ၂ ဦးတို့ ဖြစ်ကြသည်။

ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ယင်းရွာမှ နောက်ထပ် ၂ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ကြိမ်ချောင်းဗျူဟာက ၄င်းတို့၏နေအိမ်သို့လာရောက်ကာ စစ်ဆေးစရာရှိသည်ဟုဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"ရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ယောက်ဖမ်းသွားတာပါ။ မနက် ၄ နာရီလောက်က အိမ်ကနေ လာဖမ်းသွားတာပါ။ ဖုန်းတွေလည်း သိမ်းသွားတယ်လို့ သိရတယ်"ဟု ပြောသည်။

အလားတူ မောင်တောမြို့နယ် ပန်းတောပြင်နယ်ခြားစောင့်စစ်ဆေးရေးဂိတ်တွင်လည်း ယနေ့နံနက်က ဒေသခံ ၂ ဦး၏ ဖုန်းများကိုစစ်ဆေးပြီး ဖမ်းဆီးထားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

"မကျည်းချောင်းဘက်သွားတဲ့ ကားလမ်းမှာ ပန်းတောပြင်တံတားနားက စစ်ဆေးရေးဂိတ်မှာ ၂ ယောက်ဖမ်းထားပါတယ်။ ဖုန်းကိုစစ်ရာမှာ ဘာတွေ့တယ်တော့ မသိဘူး။ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ယောက်ပါတယ်။ နောက်တစ်ယောက်ကတော့ ဘယ်ကလဲမသိဘူး။ စစ်ဆေးဖို့ခေါ်သွားတာလည်း ဖြစ်နိုင်တယ်"ဟု ပြောသည်။

ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ယခုလို ဒေသခံများ ဖမ်းဆီးခံနေရခြင်းဖြစ်သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများရှိခဲ့သလို လက်နက် ၂၈ လက်နှင့်အတူ နယ်ခြားစောင့် ၁၄ ဦးကိုလည်း AA ဘက်က ဖမ်းမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

ယင်းနောက်ပိုင်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာမှုများရှိနေပြီး ဒေသခံအချို့ ဖမ်းဆီးခံနေရမှုများလည်း ရှိနေသည်ဟု သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...