ပင်လယ်ဘူးနယ်တွင် အရပ်သားပြည်သူ ၇၀၀ ကျော်ထွက်ပြေးနေရပြီး ရေးပေါ်အကူအညီလိုအပ်နေ

ပင်လယ်ဘူးနယ်တွင် အရပ်သားပြည်သူ ၇၀၀ ကျော်ထွက်ပြေးနေရပြီး ရေးပေါ်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပစ်ခတ်ဖမ်းဆီးမှုများ ရှိနေသဖြင့် ဒေသခံပြည်သူ ၇၀၀ ကျော်ခန့် ထွက်ပြေးတိန်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

စစ်အင်အား ၁၂၀ ခန့်သည် ဇူလိုင် ၁၇ ရက်နေ့ ပင်လယ်ဘူး မြောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာတစ်လျှောက်တွင်ရှိသော အရပ်သားပြည်သူများကို သေနတ်ပစ်ခတ် ဖမ်းဆီးမှုများရှိခဲ့သောကြောင့် ပြည်သူ ၁၁ ဦး ဖမ်းဆီခံခဲ့ရသည်ဟု ပင်လယ်ဘူးမြို့နယ် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

“ပျဉ်စောက်ရွာကို စဝင်ချင်း ပြည်သူ ၁၁ ယောက်ဖမ်းခံရတယ်။ ရွာဘုန်းကြီးကျောင်းရဲ့ အခန်းတစ်ခုမှာ သော့ခတ်ဖမ်းထည့်ထားတယ်။ ဘယ်သူမှဖွင့်မပေးရဘူးလို့ခြိမ်းခြောက်ထားတယ်ဗျ။ မနေ့ကပဲသူတို့ပြန်ထွက်သွားတော့ရွာသားတွေဖွင့်ပေးလိုက်တယ်။ ပြီးတော့ ရွာထဲက နေအိမ်တွေကိုလည်းဖျက်ဆီးသွားတယ်။ တံခါးတွေရိုက်ချိုး မှန်တွေရိုက်ခွဲ တန်ဖိုးကြီးပစ္စည်းတွေလည်းအားလုံးယူသွားတယ်။ ရွာသားတွေရဲ့ ရွှေတွေ ငွေသားတွေပါသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၈ ရက်နေ့တွင် ပျဥ်စောက်ရွာမှ အောင်းပြင်ရွာသို့ထပ်မံဝင်ရောက်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်းပြင်ကျေးရွာမှ ပြည်သူ ၃ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

ယင်းစစ်ကြောင်းသည် ပျဉ်စောက်နှင့်အောင်းပြင် ကျေးရွာ ၂ခု အနီးတဝိုက် လှည့်လည်စစ်ကြောင်းထိုးလျက်ရှိနေပြီး လက်ရှိတွင် အောင်းပြင်၊ ပျဥ်စောက် နှင့် အနီးဝန်ကျင်ရှိ ကျေးရွာ ၅ခုမှ ဒေသခံပြည်သူ ၇၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသောကြောင့် စစ်ရှောင်များအတွက် အရေးပေါ် အကူအညီလိုအပ်နေကြောင်သိရသည်။

“ရွာပေါင်း ၅ရွာမှ လူဦးရေ ၇၀၀ ကျော်လောက် စစ်ဘေးရှောင်နေရတယ်။ အခုသူတို့အတွက်အဓိက အစားအသောက်လိုအပ်တယ်။ နောက်တစ်ခုက ကျန်းမာရေးအကူအညီလိုအပ်နေတယ်ဗျ။ ငှက်ဖျားဆေးတို့ ဝမ်းနဲ့ဆိုင်တဲ့ဆေးတွေ မိုးတွင်းဆိုတော့ ခြင်ကိုက်တယ်။ ခြင်ထောင်မရှိကြဘူး ခြင်ထောင်တွေလိုနေတယ်”ဟု ယင်းစစ်ဘေးရှောင်များအားကူညီပေးနေသည့် ပင်လယ်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် ကျေးရွာ ၅ခုမှ ပြည်သူ ၇၀၀ ကျော် သည် ဘေးလွတ်ရာ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းတို့တွင် တိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ရှောင်များအတွက် လိုအပ်နေသော အကူညီများကို ထောက်ပံ့ပေးလိုပါက လက်ရှိ မြေပြင်တွင် ထောက်ပံ့ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသော လူငယ်များနှင့် PDF အဖွဲ့ထံသို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းပေးနိုင်ကြောင်းသိရသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၉၀ ရာခိုင်နှုန်းခန့်တွင် ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ပြီး တချို့မြို့နယ်များတွင် ဖုန်းလိုင်းများပါဖြတ်တောက်ထားခြင်းဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...