ပုဏ္ဏားကျွန်းမြို့ခံ ၂ ဦးကို စစ်တပ်ကဖမ်းဆီး

ပုဏ္ဏားကျွန်းမြို့ခံ ၂ ဦးကို စစ်တပ်ကဖမ်းဆီး
ဖမ်းဆီးခံရသည့် ဦးမိုးသီးခိုင်။
ဖမ်းဆီးခံရသည့် ဦးမိုးသီးခိုင်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဒေသခံနှစ်ဦးကို ဇူလိုင် ၁၉ ရက် နံနက် ၄ နာရီခန့်တွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ စံပြရပ်ကွက်မှ ဦးမိုးသီးခိုင်(အသက် ၅၀ နှစ်)နှင့် ဦးမောင်ဆန်း(၄၀ နှစ်)တို့ဖြစ်ကြပြီး ယမန်နေ့ နံနက်ပိုင်းက နေအိမ်၌ရှိနေစဉ် အင်အား ၂၀ ခန့်ရှိသည့် စစ်သားများက စစ်ဆေးမေးမြန်းစရာရှိသည်ဆိုကာ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု ဦးမိုးသီးခိုင်၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“သူက အိမ်မှာအိပ်နေတာ။ နံနက်ပိုင်းက အိမ်ကိုလာပြီးတော့ စစ်တပ်က ဖမ်းသွားတာပါ။ ဘာဖြစ်လို့ဖမ်းတာလဲဆိုတော့ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ ဘယ်တပ်ရင်းက ဖမ်းလဲဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ဦးမိုးသီးခိုင်မှာ စံပြရပ်ကွက်တွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရချိန်မှ မိသားစုနှင့်အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်မှုရှိကြောင်း ၎င်းကဆက်၍ပြောသည်။

“သူက ရပ်ကွက်ထဲမှာ ပရဟိတလုပ်နေတာ။ စံပြရပ်ကွက်ထဲမှာဆိုရင် ရပ်မိ၊ ရပ်ဖတစ်ဦးထဲမှာပါတယ်။ ကလေးတွေ‌ထောက်ပံ့မှု လိုအပ်တယ်ဆိုရင်လည်း သူက ဦးဆောင်ပြီးလုပ်ပေးတယ်။ လူကြီးတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်လာရင်လည်း သူက ဦးဆောင်ပြီးလုပ်ပေးတယ်။ သူက ဘယ်အဖွဲ့အစည်းနဲ့မှလည်း ဆက်စပ်မှုမရှိတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

အလားတူ ဖမ်းဆီးခံရသူ နောက်တစ်ဦးဖြစ်သည့် ဦးမောင်ဆန်း ဆိုသူမှာလည်း စံပြရပ်ကွက်၊ လိပ်ကုန်းပြင် အုန်းတောပိုင်းတွင် စားသောက်ဆိုင်ရောင်းနေသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြန်မာစစ်တပ်က ဒေသခံများကို ဖမ်းဆီးမှုများရှိနေခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်နေဆဲဖြစ်သည်။

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဆီကိုတော့ သတင်းမရောက်သေးတဲ့အတွက် မသိရသေးဘူး။ ဒါပေမယ့် မြန်မာစစ်တပ်ဖက်က ပြည်သူလူထုတွေကို လိုက်ပြီးဖမ်းဆီးနေတာတွေ၊ ပြည်သူတွေကို ပိတ်ဆို့မှုတွေလုပ်နေတဲ့အပေါ်မှာ ဖြစ်ချင်လည်းဖြစ်နိုင်တယ်”ဟု ပြောသည်။

အလားတူ ယခင်ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးပြီးနောက် မြန်မာစစ်တပ်ကလည်း ဒေသခံ ၆ ဦးကိုဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများကို ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းက ဗိုလ်ကြီး ကြည်လှိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးမှုများရှိသလို မြန်မာစစ်တပ်ဘက်ကလည်း အရပ်သားပြည်သူများကိုဖမ်းဆီးမှုများရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...