ရသေ့တောင်တွင် မြန်မာစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများကြောင့် ဈေးဆိုင်ခန်းတချို့ပိတ်ထားရဟုဆို

ရသေ့တောင်တွင် မြန်မာစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများကြောင့် ဈေးဆိုင်ခန်းတချို့ပိတ်ထားရဟုဆို
ပြားချောင်းကြီးကျေးရွာနှင့် ရသေ့တောင်မြို့ကို ဆက်သွယ်ထားသည့် ရသေ့တောင်တံတားကို တွေ့ရစဉ်။
ပြားချောင်းကြီးကျေးရွာနှင့် ရသေ့တောင်မြို့ကို ဆက်သွယ်ထားသည့် ရသေ့တောင်တံတားကို တွေ့ရစဉ်။

ရသေ့တောင်မြို့၊ ပြားချောင်းကြီးကျေးရွာအနီး ဝန်းကျင်သို့ ဇူလိုင်လ ၁၉ ရက် နံနက် ၈ နာရီခန့်က မြန်မာစစ်တပ်အင်အား(၁၀၀)ခန့်က လက်နက်အစုံဖြင့်ရောက်ရှိလာခြင်းကြောင့် ဒေသခံများထွက်ပြေးနေရပြီး မြို့ပေါ်တွင်လည်း ဈေးဆိုင်တချို့ကိုပိတ်ထားကြကြောင်း သိရသည်။

ယင်းသို့ မြန်မာစစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် ရသေ့တောင်မြို့ပေါ်မှ ဈေးဆိုင်ခန်းတချို့ပိတ်ထားကြပြီး ပြားချောင်းကြီး၊ ပြင်ခေါင်၊ အလယ်ရွာချေနှင့် င/တောက်တူချေ စစ်ဘေးရှောင်စခန်းမှ ဒေသခံတချို့မှာ စိုးရိမ်စိတ်ဖြင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။  

“ရသေ့တောင်မြို့ထက်မှာတော့ ဈေးထဲမှာလည်း ဆိုင်ခန်းတချို့ ပိတ်ထားတာတွေရှိတယ်။ တခြားအလွတ်ဆိုင်ခန်းတွေလည်း ပိတ်ထားကြပါတယ်။ အကုန်လုံးမဟုတ်ပေမယ့် တချို့လောက်ပိတ်ထားတာပါ။ ဒေသခံတွေ အကုန်လုံးကတော့ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်စိတ်တွေများနေကြပါတယ်”ဟု ရသေ့တောင်မြို့ခံတစ်ဦးက DMG ကိုပြောသည်။

ထိုသို့ မြန်မာစစ်တပ်က ပြားချောင်းရွာအနီးတဝိုက်တွင် သွားလာလှုပ်ရှားနေကြသည်မှာ ဒုတိယနေ့ဖြစ်ပြီး ယမန်ဇူလိုင်လ ၁၈ ရက်နေ့ ကလည်း ကျေးရွာထဲသို့ဝင်ရောက်ကာ သွားလာလှုပ်ရှားခဲ့ကြကာ ညနေပိုင်းတွင် ရသေ့တောင်ရှိ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းသို့ ပြန်လည်သွားခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။

ယင်းသို့ စစ်ရေးလှုပ်ရှားနေမှုကြောင့် ဒေသခံများမှာ တိုက်ပွဲတဖန်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုမြင့်တက်နေကြပြီး တချို့မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြားချောင်းကျေးရွာသူ ဒေါ်မခင်ယဉ်ကပြောသည်။

“တိုက်ပွဲတွေ ပြန်ဖြစ်လာမလား အရမ်းစိုးရိမ်နေကြတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာရင် ဒီမှာ လုပ်ကိုင်စားသောက်နေတာတွေကို အကုန်လုံးစွန့်လွှတ်ခဲ့ရမှာ။ အငတ်ဘေးနဲ့ဆိုက်ပြီး စစ်ဘေးရှောင်ဘဝကို မရောက်ချင်ပါဘူး”ဟု ဒေါ်မခင်ယဉ်ကဆိုသည်။

ထို့အပြင် ယမန်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် AA ထိန်းချုပ်ရာ ရသေ့တောင်မြို့နယ်ဘက်တွင်လည်း ယခုကဲ့သို့ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲပြန်ဖြစ်ပွားလာနိုင်ကြောင်း AA ဘက်ကပြောဆိုထားသည်။

“ရခိုင်မှာ မြန်မာစစ်တပ်ဖက်က ဆက်ပြီးတော့ ထိုးစစ်ဆင်လာမယ်ဆိုရင် သူတို့ဘက်ကရှေ့တိုးလာရင် တိုက်ပွဲကတော့ အချိန်မရွေး၊ နေရာမရွေး ထပ်ဖြစ်နိုင်မယ်အနေအထားတွေရှိတယ်”ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကိုပြောသည်။

ယင်းပြင် ရခိုင်ပြည်ရှိ ကုန်းလမ်း၊ ရေလမ်းများတွင်လည်း မြန်မာစစ်တပ်ဘက်မှ တင်းကျပ်စွာစစ်ဆေးမှုများရှိနေသည့်အတွက် ဒေသခံများ သွားလာရေးအပိုင်းတွင် အဆင်မပြေမှုများဖြစ်နေကြသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမအပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ နားလည်မှုသဘောဖြင့် ရပ်ခဲ့သော်လည်း လက်ရှိတွင် ထိတွေ့တိုက်ပွဲအနည်းငယ်ရှိလာနေခြင်းဖြစ်သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...