ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် ယခုနှစ် ၂၀၂၂ နှစ်ဆန်းပိုင်းမှ စ တင်၍ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်ဖွဲ့အပါအဝင် ဒေသခံတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့မှ ငွေကြေးကောက်ခံသည့်ဂိတ်တိုးမြှင့်ချထားမှုများလာသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံလူထုများအကြပ်အတည်းရှိသည့်ကာလတွင် ယခုလိုငွေကြေးကောက်ခံသည့် ဂိတ်များလာသည့်အတွက် လက်လုပ်လက်စား လူထုများအတွက် အခက်အခဲပိုရှိလာသလို သွားလာနေရသည့် ပြည်သူများအတွက်လည်း အနှောင့်အယှက်ပိုဖြစ်လာသည်ဟု ဒေသခံလူထုများက ကေအိုင်စီသို့ ပြောသည်။
ရာသီသီးနှံအရောင်းအဝယ်လုပ်နေသူ တစ်ဦးက “ဒူးရင်းသီးမှည့်တဲ့အချိန်မှာ ဂိတ်တွေများလာတယ်။ ပြောရ မယ်ဆိုရင် သမိန်ဒွတ်ရွာနဲ့ကိုးတိုင်ကြားမှာဆိုရင် ဂိတ် ၁၀ ဂိတ်လောက်ရှိတယ်။ BGF နဲ့ PC က အများဆုံး ၊ ဆိုင်ကယ်နဲ့ ဒူးရင်းသီးသယ်ရင် တစ်ဂိတ်ကို (၁၀၀၀) ကျပ်တောင်းတယ်။ တစ်ခါတစ်လေ မပေးရတဲ့အခါ လည်းရှိတယ်။ ဒူးရင်းသီးများတဲ့အချိန်ဆိုရင် နာရီဝက်လောက်မရှိတဲ့လမ်းကို ကားထဲမှာ အသီးတွေပါရင် ဂိတ်ကြေးအားလုံးပေးရတာ စုစုပေါင်း တစ်သောင်းလောက်ကုန်တယ်”ဟု ပြောသည်။
စစ်အာဏာသိမ်းမှုမတိုင်ခင် ကိုးတိုင်နှင့် ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် ဂိတ်ပေါင်း ၅ ဂိတ်သာရှိရာမှ ယခု အချိန်တွင် ဂိတ်စုစုပေါင်း၂၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် -DKBA ဂိတ်အများစုရှိကာ KNU-ကရင်အမျိုးသား အစည်းအရုံးဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် လမ်းအခွန်ဂိတ်တစ်ခုလည်းပါရှိသည်ဟု ဒေသခံများက ပြောသည်။
အခြားဒေသခံတစ်ဦးက “ကျနော်တို့က နယ်ခံလည်းဖြစ် အမြဲသွားလာအရောင်းအဝယ် လုပ်ရတယ်ဆိုတော့ KNU မြို့နယ်ဂိတ်မှာ တစ်နှစ်စာအခွန် နှစ်သောင်းတင်လိုက်တယ်။ အဲဒီမှာ DKBA ဂိတ်တစ်ခုလည်း အဲလိုပါပဲ။ ၂ ဂိတ်ပဲ တစ်နှစ်စာ အခွန်ပေးလိုက်တယ်။ သူတို့ ကဒ်ပြန်ပေးတယ်၊ သွားလာရင် အဲဒီကဒ်ပြရင်တစ်နှစ်အတွင်း အဲဒီဂိတ် ၂ ခုက ထပ်ပေးစရာ မလိုတော့ဘူး။ ဒါပေမယ့် ကျန်တဲ့စစ်တပ်နဲ့ BGF ဂိတ်၊ ပြီးတော့ PC (ငြိမ်းချမ်းရေးကောင်စီ) ဂိတ်တွေအများကြီးကျန်သေးတယ်၊ အဲဒီဂိတ်က ကားပေါ်ကုန်ရောင်းကုန်ဝယ်ပစ္စည်းပါရင် သူတို့တောင်း သလောက်ပေးရတယ်။ ဗိုလ်တစ်ယောက်ကို ဂိတ်တစ်ခုဖွင့်တာလား မသိဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ ကျုံဒိုးမြို့နယ်ဥက္ကဋ္ဌ မန်းကြာညိုက “ဒီလမ်းကြောင်းမှာ ကျနော်တို့ KNU အနေနဲ့ ဂိတ်တစ်ခုပဲရှိတယ်။ ကျုံဒိုးမြို့နယ်ဂိတ်တစ်ခုပဲရှိတယ်။ အဲဒီဂိတ်မှာအကောက်အခွန်ရော၊ စစ်ဆေးရေးရော ရောထားတာပေါ့။ ဒီလမ်းကြောင်းမှာလာတဲ့ကုန်တင်ကားကြီးဆိုရင် ကျနော်တို့က တစ်စီး၅ထောင်ကျပ် သတ်မှတ်တယ်။ ကျန်တာက ကျနော်တို့သတ်မှတ်တာမရှိဘူး။ လူထုပေးနိုင်သလောက်ပဲ ကျနော်တို့ယူတယ်။”ဟု ပြောသည်။
အဆိုပါ ဂိတ်များသည် ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများကိုသာ ငွေကြေးကောက်ခံနေခြင်းဖြစ်ပြီး သွား လာနေသည့် မိသားစုအိမ်စီးကားများမှာ ဂိတ်ကြေးပေးဆောင်စရာမလိုသော်လည်း အချို့ဂိတ်မှာ ရံဖန်ရံခါ စစ်ဆေးမေးမြန်းမှုများရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါဂိတ်များသည် မြဝတီမှကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများကိုသာ ယခင်က အဓိကထား ငွေကြေးကောက်ခံခြင်းရှိသော်လည်း ယခုအချိန်တွင် ဒေသထွက်ဒူးရင်းသီးနှင့်အခြားရာသီ သီးနှံထွက်သည့် အချိန် တွင် အချို့ဂိတ်သည် ဒေသအတွင်း အရောင်းအဝယ်ပြုလုပ်သူများထံ ဂိတ်ကြေးအခွန် ကောက်ခံမှုများ လာသည်ဟု သိရသည်။
ကျုံဒိုးချောင်းဖျားနှင့် နဘူးလမ်းတွင်လည်း ယခုနှစ်နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်-BGF နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)အဖွဲ့မှ အလားတူ ငွေကြေးကောက်ခံသည့် ဂိတ်များတိုးမြှင့်ချထားများလာသည်ဟုလည်း သွားလာနေသည့် ဒေသခံများထံမှ သိရသည်။







