နစ်သစ်ပြောင်းသွား၍ ရခိုင်ရှိ အခြေခံပညာကျောင်းအချို့ ဆရာ/ဆရာမ လုံလောက်မှုမရှိဖြစ်နေ

နစ်သစ်ပြောင်းသွား၍ ရခိုင်ရှိ အခြေခံပညာကျောင်းအချို့ ဆရာ/ဆရာမ လုံလောက်မှုမရှိဖြစ်နေ

ယခုနှစ်တွင် စနစ်သစ်ပြောင်းသွားသည့်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တွင် ဘာသာရပ် ဆရာ/ဆရာမများ လုံလောက်မှုမရှိဖြစ်နေသည်ဟု သိရသည်။

ယခင်ကဆိုလျှင် ၁ဝ တန်းအထိသာရှိခဲ့ရာမှ ယခုနှစ်တွင် KG မှ Grade 11 အထိ အတန်းတိုးကာ စနစ်သစ်ပြောင်းလဲသွား၍ ကျောင်းသားဦးရေနှင့် ဆရာ၊ ဆရာမဦးမမျှတဖြစ်နေသည်ဟု ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ သိရသည်။

မောင်တောမြို့ အလယ်သံကျော်အထကကျောင်းတွင် ဘာသာရပ်အချို့အတွက် အထက်တန်းပြဆရာ/မများလိုအပ်နေသည်ဟု ယင်းကျောင်းမှ ဆရာမတစ်ဦးက နိရဥ္စရာ ကိုပြောသည်။

"ကျွန်မတို့ကျောင်းမှာ ဒီနှစ် ဆရာမတစ်‌ယောက်အသစ်တာဝန်ကျတယ်။ အဲဒီဆရာမက ရူပဗေဒဆရာမပေါ့။ အခု အထက်တန်းပိုင်းမှာ မြန်မာစာ၊ သင်္ချာ၊ သမိုင်း ဘာသာရပ်ကိုပြမဲ့ဆရာမ မရှိပါဘူး။ ကျောင်းသားတစ်ယောက်ပဲရှိရှိ၊ နှစ်ယောက်ပဲရှိရှိ ဘာသာရပ်အလိုက်ပြမဲ့ဆရာမ ရှိရင်တော့ ပိုကောင်းတာပေါ့။ အခုအဲ့လိုဘာသာရပ်တွေကို တခြားဘာသာရပ်က ဆရာ၊ ဆရာမတွေ ဝင်ပြပေးနေပါတယ်။" ဟုပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းသား/သူ ၉၀ ကျော်ခန့်ပြီး ဆရာ/မ ၂၇ ဦးက စာသင်ကြားနေရသည်ဟု သိရသည်။

ယခုနှစ်စနစ်သစ်တွင် အတန်းတိုးသွားသည့်အတွက် ဆရာ၊ ဆရာမဦးရေလိုအပ်နေချိန်တွင် ရှိနှင့်ပြီးဆရာ၊ ဆရာမများကလည်း ရာထူးနေရာအပြောင်းအလဲအတွက် ပြောင်းရွှေ့သွားကြရာ လစ်လပ်နေရာတွင် ထပ်မကျလာသေးသည့်အတွက်လည်း အခက်တွေ့နေရခြင်းဖြစ်သည်ဟု ဆရာ၊ ဆရာမများက ဆိုသည်။

ကျောက်တော်မြို့နယ်မှ ဆရာမတစ်ဦးကလည်း “အတန်းများလာနေတဲ့အထဲ တချို့အမကကျောင်းသားတွေက အမကကျောင်းတို့ကို မသွားတော့ဘဲ အထကကိုပြောင်းလာကြတော့ အဲဒီမှာ ကျောင်းသားတွေများလာတယ်။ ရှိတဲ့ဆရာ၊ ဆရာမနဲ့လိုက်မမီတော့ နှစ်ခန်းကို တစ်ခန်းတည်းမှာ လူဦးရေအများကြီးထားပြီး သင်နေရတာတွေလည်း ရှိပါတယ်”ဟု ပြောသည်။

မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာရှိ အခြေခံအထက်တန်းကျောင်းတွင်ဆိုလျှင်လည်း ယခင်က အလယ်တန်းပြ ဆရာ/မ ၁၂ ဦးရှိသော်လည်း ယခုဆိုလျှင် ပြောင်းရွှေ့သွားကြပြီဖြစ်၍ ၆ ဦးတည်းသာကျန်တော့ကြောင်း ယင်းကျောင်းမှ ဆရာတစ်ဦးက ပြောသည်။

“အလယ်တန်းပြဆရာမလိုအပ်နေပြီး အထက်တန်းပြဆရာ/မတွေက အလယ်တန်းက ဘာသာရပ်တွေကို ခွဲဝေသင်ကြားနေရပါတယ်”ဟု ပြောသည်။

ရသေ့တောင်မြို့နယ်၊ ဇီးကိုင်း‌ကျေးရွာအထကကျောင်းတွင်ဆိုလျှင် ယခုနှစ်အတိုင်းအတာအရ Grade 11 အထိ အထက်တန်းပြက အဆင်ပြေလုံလောက်မှုရှိသော်လည်း နောက်နှစ် Grade 12 ထိရှိလာမည်ဆိုပါက ဆရာ/ဆရာမ လိုအပ်မည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဝင်းခင်‌မောင်က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူး ဆရာကြီးဦးဘထွီးစိန်က ရခိုင်ပြည်နယ်မှ အထကကျောင်း၊ အထကခွဲများတွင် လိုအပ်သည့် ဆရာ၊ ဆရာမများကိုခန့်အပ်ထားပြီး ဆရာ၊ ဆရာမလိုအပ်သည့်ကျောင်းများက ရုံးကို တိတိကျကျတင်ပြပါဟု ပြောသည်။

ရခိုင်တွင် ယခုနှစ်အတွင်း အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကို ဖွင့်လှစ်လျက်ရှိသည်။

April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...
April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...