လောင်းလုံးတွင် စစ်ကောင်စီ သတင်းပေးဆိုသူကို ဝင်ရောက်ပစ်ခတ်ချိန် ၇ နှစ်အရွယ် ကလေးငယ် သေနတ်ထိမှန်သေဆုံး

လောင်းလုံးတွင် စစ်ကောင်စီ သတင်းပေးဆိုသူကို ဝင်ရောက်ပစ်ခတ်ချိန် ၇ နှစ်အရွယ် ကလေးငယ် သေနတ်ထိမှန်သေဆုံး

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ဝေဒီကျေးရွာတွင်  ဇူလိုင်လ ၉ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် PDF တပ်ဖွဲ့ဝင် တချို့က စစ်ကောင်စီ သတင်းပေးဆိုသူ အမျိုးသား တစ်ဦးကို နေအိမ် အတွင်း ဝင်ရောက် ပစ်ခတ်ရာမှ အသက် ခုနစ်နှစ် အရွယ် ကလေး တစ်ဦး သေနတ် ထိမှန် သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် သပိတ် ကော်မတီက  ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် သပိတ် ကော်မတီက ထုတ်ပြန်ထားပြီး အခင်းဖြစ်ပွားချိန်တွင် ဝေဒီကျေးရွာနေ စစ်ကောင်စီ သတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ ဦးကျော်ဟိန်းအား နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဉ် နေအိမ် အတွင်းရှိ ဇနီးဖြစ်သူ အသက် ၄၀ ခန့်ရှိ ဒေါ်ဖြူသန်းနှင့် တူမဖြစ်သူ အသက် ခုနစ်နှစ်အရွယ် မငုဝါနိုး တို့ကို ကျည်ဆန် ထိမှန်ခဲ့ပြီး အသက် သေဆုံး သွားခဲ့သည်ဟု မငုဝါနိုး၏ ဖခင်ဖြစ်သူက ပြောဆိုထားသည်။

ဒလန်ဟု စွပ်စွဲခံရသူ ဦးကျော်ဟိန်းမှာ အခင်းဖြစ်တဲ့ အချိန်တွင် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နဲ့ ပတ်သက်၍ ထားဝယ်ခရိုင် သပိတ်ကော်မတီ တာဝန်ရှိသူ တစ်ဦးက “အခုလို လုပ်ရပ်တွေက တော်လှန်ရေးအတွက် တော်တော်ကို ထိခိုက်နိုင်ပါတယ်၊ အခုလို လုပ်ရပ်တွေကြောင့် တော်လှန်ရေး အင်အားစုတွေအပေါ် ပြည်သူတွေ အမြင်စောင်းလာ နိုင်သလို တော်လှန်ရေး အင်အားစု အချင်းချင်းလည်း ပွတ်တိုက်မှုတွေ ဖြစ်လာ နိုင်ပါတယ်”ဟု ပြောဆို သည်။

မငုဝါနိုး၏ မိဘများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ၏ ရန်ပြုမှုကြောင့် တိမ်းရှောင် နေကြရပြီး မငုဝါနိုးမှာလည်း အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် အဒေါ်ဖြစ်သူ၏ နေအိမ်မှာ ခေတ္တလာရောက် နေထိုင်စဉ် ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်း ကော်မတီက ထုတ်ပြန်ထားသည်။

မငုဝါစိုး သေနတ်ထိမှန် သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် မိမိတို့ လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက် သွားမည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားခဲ့သည်။

Most read this week

August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...