ဟားခါးတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်ခတ်၍ အရပ်သားအမျိုးသမီး သေဆုံး

ဟားခါးတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်ခတ်၍ အရပ်သားအမျိုးသမီး သေဆုံး

ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့–ဟားခါး (CDF-Hakha) က မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဟားခါးမြို့ View Point အနီး၌ စစ်အုပ်စု တပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်ခဲ့ရာ အနီးရှိ နေအိမ်အတွင်း ရှိနေသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း CDF-Hakha တာဝန်ရှိသူက ပြောသည်။

CDF-Hakha ဥက္ကဋ္ဌက “သူတို့ ဘာကြောင့် ရမ်းပစ်တာလဲတော့ မသိဘူး။ ကျနော်တို့က မြို့ထဲကို လုံးဝမဝင် ဘူး။ လောလောဆယ် မြို့တွင်းလှုပ်ရှားမှုတွေလည်း ရပ်ထားတယ်။ သူတို့အချင်းချင်း ရမ်းသမ်းပစ်ခတ်တာ ကြောင့် အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးခဲ့တာပါ” ဟု မဇ္ဈိမသို့ ပြောသည်။

ပစ်ခတ်မှုသည် အချိန်အနည်းငယ် ကြာမြင့်ခဲ့သဖြင့် ဒေသခံအချို့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ယူဆခဲ့ ကြသော်လည်း လက်ရှိတွင် ဒေသခံများ၏ လုံခြုံရေးအတွက် မြို့တွင်းစစ်ဆင်ရေးများကို ရပ်နားထားပြီး CDF-Hakha နှင့် စစ်အုပ်စုတပ်အကြား တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စစ်အုပ်စုတပ်၏ စည်းကမ်းမဲ့ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ အတွက် တာဝန်ယူတာဝန်ခံမှုနှင့် လျော်ကြေးပေးအပ်မှုများ လုံးဝမရှိကြောင်းလည်း CDF-Hakha ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

သေဆုံးသူ အမျိုးသမီးမှာ ပေါင်တွင် ကျည်ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ သားသမီးလေးဦး ကျန်ရစ်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

CDF-Hakha က ဟားခါးမြို့ခံပြည်သူများ အနေဖြင့် စစ်အုပ်စုတပ်၏ အန္တရာယ်ကို အထူးသတိပြုကြရန်နှင့် အတတ်နိုင်ဆုံး မပတ်သက်ကြရန်လည်း တိုက်တွန်းထားသည်။

အလားတူ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်တွင် ဇူလိုင် ၁၇ ရက်က ဒေသခံ သုံးဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ် အပြီးတွင် CDF-Hakha က လက်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ အမှတ် (၁၄) ရဲတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်အောင်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ သေဆုံးခဲ့သည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...