ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်တာကျိုးသဖြင့် လေးမျက်နှာမြို့နယ် ဒေသခံများ အရေးပေါ်ရွှေ့ပြောင်းနေရ

ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်တာကျိုးသဖြင့် လေးမျက်နှာမြို့နယ် ဒေသခံများ အရေးပေါ်ရွှေ့ပြောင်းနေရ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင် နိမ့်ဆင်းသွားခဲ့ ရာမှ တာကျိုးပေါက်မှု ဖြစ်ပွားခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ အမြင့် ၁၈ ပေ ရှိသော တာမိုင်အမှတ် (၂၅/၃) တွင် သဲဗွက်တစ်ခု ဖြစ်ပေါ်ပြီး တာနိမ့်ဆင်းမှု ဖြစ်ပွားခဲ့ရာမှ စတင်ကာ ရေကာတာ ကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၂ မိနစ်အချိန်ခန့်တွင် အဆိုပါ ငဝန်မြစ်ရေကာတာသည် အလျား ပေ ၅၀ ခန့်အကျယ် ရှိသည့် တာကျိုးပေါက်မှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တာကျိုးပေါက်မှုကြောင့် မြစ်ကျိုးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်အများအပြား ရေနစ်မြုပ် လျက် ရှိပြီး၊ ကားလမ်းများပေါ်သို့ ရေကျော်လွန်ကာ သွားလာရေး ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။

လေးမျက်နှာမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက “အမှတ် ၃ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ပါပြီ၊ မီးသတ်ကြက်ခြေနီနဲ့ သဘာဝဘေးကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိပြီး ကယ်ဆယ်ရေး ရွှေ့ပြောင်းရေး လုပ်နေပါပြီ” ဟု ပြောသည်။

မြစ်ကျိုးကျေးရွာရှိ နေအိမ်အများအပြားမှာ အိမ်အောက်ထပ် ရေမြုပ်နေသဖြင့် အပြင်သို့ ထွက်ခွာရန် ခက်ခဲနေ သည့်အပြင် ဖုန်းလိုင်းအချို့လည်း ပြတ်တောက်မှုများ စတင် ဖြစ်ပေါ်နေပြီဟု ဆိုသည်။ ထို့ပြင် လေးမျက်နှာမြို့ ရဲစခန်းဝင်းအတွင်းသို့လည်း ရေများ စီးဝင်နေပြီ ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ဆောင်နေသူ ဒေသခံ တစ်ဦးက “နေအိမ်အပေါ်ထပ်တွေ ရေလွတ်နိုင်တယ်ဆိုပြီး မနေကြဖို့ လိုတယ်။ ရေစီးအားပြင်းရင် နေအိမ်ပြိုလဲတတ်ပါတယ်၊ တာကျိုးပေါက်တာ ဖာနေပါတယ်။ အရေကြီးပစ္စည်း တွေ တစ်နိုင်တစ်ပိုင် ယူဆောင် ပြီး ကုန်းအမြင့်ပိုင်းကို အချိန်မီရှောင်ကြဖို့လိုပါတယ်” ဟု ဆက်ပြောသည်။

ရေကာတာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသော ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံများကို မီးသတ်တပ်ဖွဲ့ဝင်များ ဦးဆောင်က ဘေးလွတ်ကင်းသည့် နေရာများသို့ ကူညီရွှေ့ပြောင်းပေးနေပြီဟု ဒေသခံ များက ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်စာရင်းများအရ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅) ရပ်ကွက်များနှင့် ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခြံကုန်း၊ ညောင်ပင်ဝဲကျေးရွာများမှ အိမ်ထောင်စုများကို ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ရေဘေးအခြေအနေများကြောင့် ဒေသခံများသည် ဟင်္သာတ၊ တလုတ္ထော်နှင့် ငဝန်မြစ်တစ်ဖက်ကမ်းရှိ လေးမျက်နှာမြို့ဟောင်း၊ ဇီးတောဘက်များသို့ ယာယီရွှေ့ပြောင်းနေကြပြီး၊ အချို့မြစ်ကျိုးရွာနှင့် အနီးအနားရွာ များတွင် ကျောင်းများလည်း ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...
July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း ဖလူးနှင့် မင်းလက်ပံဒေသများတွင် စစ်တပ်နှင့် KNLA...